Eleven Media Group

သီတင်းကျွတ်ရုံးပိတ်ရက်အတွင်း ရန်ကုန်-နေပြည်တော်၊ မော်လမြိုင်နှင့် ပြည်လမ်းပိုင်းတို့တွင် အထူးရထားများ တိုးချဲ့ပြေးဆွဲမည်

သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မော်လမြိုင်နှင့် ရန်ကုန်-ပြည် ရထားလမ်းပိုင်းတိုပတွင် အထူးရထားခရီးစဉ်များကို အောက်တိုဘာ ၂၃ ရက်မှ ၂၈ ရက်အထိ တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထူးရထားခရီးစဉ်များတွင် နေပြည်တော်-ရန်ကုန်လမ်းပိုင်း၌ အောက်တိုဘာ ၂၄ ရက်တွင် အစုန် အထူးရထားနှင့် ရန်ကုန်-နေပြည်တော်လမ်းပိုင်း၌ အောက်တိုဘာ ၂၇ ရက်တွင် အဆန်အထူးရထားတို့ ပြေးဆွဲမည်ဖြစ်သည်။

ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် ရန်ကုန်မှ မော်လမြိုင်သို့ ထွက်ခွာမည့် အဆန်အထူးရထားများကို အောက်တိုဘာ ၂၃၊ ၂၄ နှင့် ၂၇ ရက်တို့တွင် ပြေးဆွဲမည်ဖြစ်ပြီး မော်လမြိုင်မှ ရန်ကုန်သို့ ထွက်ခွာမည့် အစုန်အထူးရထားများကို အောက်တိုဘာ ၂၄ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ပြေးဆွဲမည်ဖြစ်သည်။

ထို့ပြင် ရန်ကုန်-ပြည်လမ်းပိုင်းတွင် ရန်ကုန်မှ ပြည်သို့ ထွက်ခွာမည့် အဆန်အထူးရထားနှင့် ပြည်မှ ရန်ကုန်သို့ ထွက်ခွာမည့် အစုန်အထူးရထားများကို အောက်တိုဘာ ၂၄ ရက်နှင့် ၂၇ ရက်တို့တွင် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ခရီးသွားလာမှုများပြားနိုင်သည့် သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွက် ထပ်တိုးခုံနေရာများကို Online Railway Ticketing and Payment (ORTP) စနစ်မှတစ်ဆင့် ဝယ်ယူနိုင်ပြီး ရထားခရီးစဉ်များနှင့် လက်မှတ်ဝယ်ယူမှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို Hotline ဖုန်း 1188 နှင့် ortp.railways.gov.mm ဝက်ဘ်ဆိုက်တို့မှတစ်ဆင့် စုံစမ်းနိုင်ကြောင်း မြန်မာ့မီးရထား၏ ORTP ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မူရင်းသတင်း — Eleven Media Group