
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့တွင် DEMU ရထားဖြတ်သန်းရန် မီးရထားဂိတ်ပိတ်ထားစဉ် စက်ဘီးများဖြင့် ဖြတ်ကူးသူနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ မီးရထားဥပဒေပုဒ်မ ၈၈ (က) ဖြင့် အမှုဖွင့်ဆောင်ရွက်ထား ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၅ ရက် နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်က အုတ်တွင်းမြို့၊ ဈေးရပ်ကွက်၊ သခင်မြလမ်း ရှိ မီးရထားသံလမ်းဂိတ်တွင် တောင်ငူမှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် အမှတ် ၃၂ အစုန် DEMU ရထား ဖြတ်သန်းရန် ဂိတ်ပိတ်၍ အချက်ပြနေစဉ် ကြက်သွန်းခင်း (၂) ရပ်ကွက်နေ ဒေါ်ဝင်းရွှေ (၅၆ နှစ်) နှင့် ပဲခူးလမ်း ရပ်ကွက်နေ ဦးလေးကြည် (၆၃ နှစ်) တို့က စက်ဘီးများဖြင့် ဂိတ်ပိတ်တံခါးအောက်မှ ဝင်ရောက်ဖြတ်သန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါနေရာတွင် အုတ်တွင်းမြို့မရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ပူးပေါင်း၍ ရထားလမ်းဖြတ်သန်းမှု အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်နေပြီး ဂိတ်ပိတ်ထားစဉ် စက်ဘီးဖြင့် ဖြတ်သန်းသူနှစ်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးအား အုတ်တွင်းမြို့မရဲစခန်းတွင် မီးရထားဥပဒေပုဒ်မ ၈၈ (က) ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။
ရထားလမ်းဖြတ်ကူးရာတွင် ဂိတ်ပိတ်ထားချိန်၌ အလျင်စလို ဖြတ်သန်းခြင်းသည် အသက်အန္တရာယ်ဖြစ်စေနိုင် သည့်အပြင် ဥပဒေအရ အရေးယူခံရနိုင်သဖြင့် ရထားဖြတ်သန်းချိန်တွင် ဂိတ်ပိတ်ထားသည့် နေရာများသာမက ဂိတ်မရှိသည့် ရထားလမ်းဖြတ်ကူးနေရာများ၌လည်း သတိပြုသွားလာကြရန် လိုအပ်ကြောင်း တာဝန်ရှိသူများ က အသိပေးထားသည်။