
ခွင့်ပြန်အလုပ်သမားများ သံရုံးထောက်ခံစာနှင့် အလုပ်ရှင်၏ခွင့်စာ တင်ပြရန် ဖြေလျှော့ပေးထားသည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်သည်။
ယခင်က ပြည်ပနိုင်ငံများမှ ခွင့်ဖြင့်ပြန်လာသည့် မြန်မာလုပ်သားများအနေဖြင့် အလုပ်ရှင်ထံမှခွင့်စာနှင့် သက်ဆင်ရာ သံရုံးထောက်ခံစာများကို တင်ပြရပြီး အောက်တိုဘာ ၁၀ ရက်မှစတင်ကာ ဖြေလျှော့့ပြီး ဖြစ်ကြောင်း ဦးစီးဌာနက ဆိုသည်။
သို့သော် ခွင့်ဖြင့်ပြန်လာသည့် PJ အမျိုးအစားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် မြန်မာလုပ်သားများ အနေဖြင့် ခွင့်ကာလပြီးဆုံး၍ ပြည်ပနိုင်ငံများသို့ ပြန်လည် ထွက်ခွာချိန်တွင် မပျက်မကွက် တင်ပြရမည့် အထောက်အထားများတွင် နိုင်ငံကူးလက်မှတ်၊ သက်တမ်းရှိ အလုပ်လုပ်ခွင့်ပါမစ်/ Visa မိတ္တူ၊ အနည်းဆုံး သက်တမ်း တစ်နှစ်ရှိသည့် OWIC ကတ်ရှေ့နောက် (မိတ္တူ)၊ လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ ရိုက်နှိပ်ထား သည့် ပြည်ပ ထွက်ခွာခွင့်နှင့် ပြည်ဝင်ခွင့် တံဆိပ်တုံးများပါရှိသည့် နိုင်ငံကူးလက်မှတ်စာမျက်နှာ (မိတ္တူ)၊ လေယာဉ် လက်မှတ် (မိတ္တူ)၊ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း တရားဝင်လွှဲပို့ခဲ့သည့် အနီးဆုံး သုံးလစာ အသေးစိတ်အထောက်အထားများ၊ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း တစ်နှစ်စာ ပေးဆောင်ခဲ့သည့် အထောက်အထား၊ ရောက်ရှိကြောင်းသတင်းပို့ပုံစံတို့ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။