Myanmar National Post

တူရကီ အရပ်ဘက်သင်္ဘောတွေကို မတိုက်ခိုက်ဖို့ ယူကရိန်း သံအမတ်ကို တူရကီက ခေါ်ယူသတိပေး


ဩဂုတ် - ၃၁ ( တနင်္လာနေ့ ) 

ပင်လယ်နက်အတွင်း တူရကီက မောင်းနှင်ပြေးဆွဲနေတဲ့ ကုန်သင်္ဘော နှစ်စင်း တိုက်ခိုက်ခံခဲ့ရပြီးနောက် ရေကြောင်းသွားလာရေး အရပ်ဘက် သင်္ဘောတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်မှုတွေ မြင့်တက်လာတာကြောင့် တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ယူကရိန်း သံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က ရုရှားနိုင်ငံ တူအပ်ပ်ဆဲ ဆိပ်ကမ်းအနီးမှာ တူရကီကုန်တင်သင်္ဘောဟာ ယူကရိန်းရဲ့ ဒရုန်း အနည်းဆုံး ၃ စင်းနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် သင်္ဘောသား ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး သင်္ဘော မီးလောင် ကျွမ်းခဲ့ပါတယ်။

နောက်တစ်နေ့မှာတော့ ပျက်စီးသွားတဲ့ သင်္ဘောကို ကူညီဖို့ လာတဲ့ အခြားသင်္ဘောတစ်စင်းကို စေလွှတ်ခဲ့ရာမှာ သွားရောက်စဉ် လမ်းခုလတ်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပြီး တူရကီနိုင်ငံ ဆမ်ဆန်း  ဆိပ်ကမ်းကို ပြန်လှည့်လာခဲ့ရပါတယ်။

တူရကီနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ် နာရီမန် ဂျဲလီယာလော့ဗ်ကို တူရကီအစိုးရပိုင်းက စနေနေ့မှာ ခေါ်ယူတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ တွေ့ဆုံစဉ်အတွင်း တူရကီ သံတမန်တွေက ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ပင်လယ်နက်အတွင်း ရေကြောင်းသွားလာရေး ဘေးကင်းလုံခြုံမှုအတွက် သူတို့ရဲ့ စိုးရိမ်မှုများကို ပြောကြားခဲ့ကြပါတယ်။

"တွေ့ဆုံပွဲအတွင်း ပင်လယ်နက်ထဲမှာရှိတဲ့ လူတွေ၊ ပိုင်ဆိုင်မှု ပစ္စည်းတွေ၊ ရေကြောင်း သွားလာရေးနဲ့ သဘာဝပတ်ဝန်းကျင် ဘေးကင်းလုံခြုံရေးကို သေချာပေါက် အာမခံချက်ပေးဖို့ လိုအပ်ကြောင်း တူရကီက သတိပေးခဲ့တယ်" လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကိယက်ဗ် (ယူကရိန်း) ဟာ ရုရှားဆိပ်ကမ်းတွေဆီ သွားလာနေတဲ့ အရပ်ဘက် သင်္ဘောတွေကို တိုက်ခိုက်တာ၊ တူရကီနဲ့ ဆက်နွှယ်နေတဲ့ သင်္ဘောတွေကို မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်တာတွေ ပြုလုပ်ပြီး အရပ်ဘက် ရေကြောင်းသွားလာရေးအပေါ် တိုက်ခိုက်မှုတွေကို အရှိန်မြှင့်တင် လာခဲ့ပါတယ်။ ရုရှား (မော်စကို) ကလည်း ယူကရိန်း စစ်ဘက်နဲ့ ဆက်နွှယ်နေတဲ့ ရေကြောင်းသွားလာမှုတွေကို လက်စားချေ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ယူကရိန်းရဲ့ ပင်လယ်နက် ဆိပ်ကမ်းတွေကို ကြီးမားစွာ အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ပင်လယ်ရေကြောင်း သွားလာမှု အားလုံးနီးပါးကို အပြီးတိုင် ရပ်တန့်သွားစေ ခဲ့ပါတယ်။ အဲဒီ လက်စားချေ တိုက်ခိုက်မှုတွေဟာ တူရကီနဲ့ ဆက်နွှယ်နေတဲ့ သင်္ဘောတွေကိုပါ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post