Eleven Media Group

ဆိုက်ပရပ်စ်မြောက်ပိုင်း ကမ်းလွန်တွင် လူ ၂၇၀ နီးပါး တင်ဆောင်လာသည့် သင်္ဘောနစ်မြုပ်ခဲ့ရာ ရှစ်ဦးသေဆုံး

ဆိုက်ပရပ်စ်ကျွန်းမြောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်တွင် ခရီးသည်နှင့် သင်္ဘောဝန်ထမ်း စုစုပေါင်း ၂၇၀ နီးပါး တင်ဆောင်လာသည့် ကူးတို့သင်္ဘောတစ်စင်း တိမ်းမှောက်ခဲ့မှုကြောင့် ရှစ်ဦးသေဆုံးခဲ့ပြီး ၁၈ ဦး ပျောက်ဆုံးနေသည်။

မြောက်ပိုင်းဆိုက်ပရပ်စ် ဝန်ကြီးချုပ် အူးနားအူးစတယ်၏ TRT သတင်းဌာနသို့ အတည်ပြုချက်အရ လူ ၂၃၇ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်။ သင်္ဘောသည် ရေအနက် ၅၁၄ မီတာ (၁,၆၈၆ ပေ) အထိ လုံးဝ နစ်မြုပ်သွားခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးကပြောသည်။ မြောက်ပိုင်းဆိုက်ပရပ်စ်ရှိ ကီရီးနီးယားဆိပ်ကမ်းမှ တူရကီနိုင်ငံ မဲဆင်းန်ပြည်နယ်ရှိ တာရှူးဂျူးဆိပ်ကမ်းသို့ ထွက်ခွာလာသည့် သင်္ဘောဖြစ်သည်။

ဆိုက်ပရပ်စ်အသံလွှင့်ဌာန၏ ဖော်ပြချက်တွင် သင်္ဘောသည် အသစ်စက်စက်ဖြစ်ပြီး ကမ်းရိုးတန်းမှလေးမိုင်ခန့်အကွာတွင် ရေစတင်ဝင်ရောက်ခဲ့သဖြင့် ကပ္ပတိန်က ခရီးသည်များအား သက်ကယ်အင်္ကျီများ ဝတ်ဆင်ခိုင်းခဲ့သည်ဟု ဆိုထားသည်။ လက်ရှိရဲတပ်ဖွဲ့က သင်္ဘောကပ္ပတိန်အပါအဝင် ဝန်ထမ်းခုနစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားသည်။

သို့သော် သင်္ဘောဝန်ထမ်းများက ထွက်ပေါက်တံခါးများကို သော့ခတ်ထားပြီး ကပ္ပတိန်ဆိုသူကလည်း ထွက်ပြေးသွားသည်ဟု ခရီးသည်အချို့၏ စွပ်စွဲချက်များလည်း ရှိနေသည်။ သင်္ဘောနစ်မြုပ်ရသည့် အကြောင်းရင်းနှင့် ခရီးသည်များ၏ စွပ်စွဲချက်များအတွက် ဆက်လက်စစ်ဆေးလျက်ရှိသည်။

Ref: The Guardian

Photo: Reuters

မူရင်းသတင်း — Eleven Media Group