
ဟောမုဇ်ရေလက်ကြား၌ ရေနံနှင့် စက်ဆီအညစ်အကြေးများ စွန့်ပစ်ခဲ့သည့် ကုန်တင်သင်္ဘောတစ်စင်းကို ဖမ်းဆီးလိုက်သည်ဟု အီရန်အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ အစိုးရပိုင်မီဒီယာက ဩဂုတ် ၃၁ ရက်တွင် ဖော်ပြခဲ့သည်။
“ပင်လယ်ထဲ ရေနံများ စွန့်ပစ်နေသည့် ရုပ်သံမှတ်တမ်းများ ထွက်ပေါ်လာပြီးနောက် ကျွမ်းကျင်သူတွေနဲ့သန့်ရှင်းရေးအဖွဲ့တွေကို အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ခဲ့ပြီး သဘာဝပတ်ဝန်းကျင် ညစ်ညမ်းစေတဲ့အဆိုပါသင်္ဘောကို ဖမ်းဆီးခဲ့ပါတယ်” ဟု တောင်ပိုင်း ဟော်မိုဇဂန်ပြည်နယ် ဆိပ်ကမ်းနှင့် ရေကြောင်းဆိုင်ရာဌာန ဒုတိယအကြီးအကဲ အက်စမေးလ်မာကီဇာဒေးက အစိုးရသတင်းဌာန IRNA သို့ ပြောကြားခဲ့သည်။
"ဖမ်းဆီးမိတဲ့ သင်္ဘောဟာ သကြားတွေတင်ဆောင်လာတဲ့ ကုန်တင်သင်္ဘောတစ်စင်းဖြစ်ပြီး စက်ဆီဟောင်းတွေ၊ သင်္ဘောဝမ်းဗိုက်အတွင်းရှိ ရေဆိုးတွေနဲ့စက်ရုံထွက် ဓာတုစက်ဆီအညစ်အကြေးတွေကို ပင်လယ်ထဲ တိုက်ရိုက်စွန့်ပစ်ခဲ့တာဖြစ်ပါတယ်" ဟု အဆိုပါသင်္ဘော၏အလံနှင့် သင်္ဘောသားများ၏ နိုင်ငံသား အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ ၎င်းက ဆက်လက်ပြောသည်။
ပင်လယ်ထဲ စွန့်ပစ်ခဲ့သည့် စက်ဆီအညစ်အကြေးများကို သန့်ရှင်းရေးပြုလုပ်ပြီးစီးပြီဖြစ်ကာ သင်္ဘောအား တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်နိုင်ရန် တရားရုံးသို့ လွှဲပြောင်းပေးထားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အီရန် ပင်လယ်ကွေ့ရှိ ကက်ရှ်မ်ကျွန်းအနီး ရေနံဖိတ်စင်မှုများအပါအဝင် ရေနံယိုစိမ့်မှုများစွာ ဖြစ်ပွားခဲ့ပြီးနောက် အီရန်အစိုးရက လျော်ကြေးငွေတောင်းခံထားသည်။
ဩဂုတ်လဆန်းပိုင်းကလည်း အိမ်နီးချင်း အိုမန်နိုင်ငံအနီးတွင် သောင်တင်နေသည့် ရေနံတင်သင်္ဘောတစ်စင်းထံမှ ရေနံများ ပင်လယ်အတွင်း ယိုစိမ့်မှုဖြစ်ပွားခဲ့သည်။
AFP သတင်းဌာန၏ စုံစမ်းစစ်ဆေးချက်များအရ အဆိုပါသင်္ဘောသည် ပေါက်ကွဲမှုများကြောင့် ပျက်စီးသွားခဲ့ပြီးနောက် အိုမန်၏အယ်လ်ခိဘလီယာကျွန်းအနီးတွင် သီတင်းပတ်အတော်ကြာ သောင်တင်နေခဲ့သည်ဟုဆိုသည်။
Photo - AFP