Eleven Media Group

မနီလာမြို့တွင် ကျင်းပမည့် အာဆီယံဆက်စပ် ထိပ်သီးအစည်းအဝေးများကို ဒေါ်နယ်ထရန့် တက်ရောက်မည်

သမ္မတဒေါ်နယ်ထရန့်သည် အာဆီယံအဖွဲ့အပေါ် အမေရိကန်၏ ဆက်လက်ထောက်ခံမှုကို ပြသသည့်အနေ ဖြင့် နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင်ကျင်းပမည့် ၄၉ ကြိမ်မြောက် အာဆီယံ ဆက်စပ် ထိပ်သီးအစည်းအဝေးများကို တက်ရောက်မည်ဖြစ်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် သံတမန် သတင်းရင်းမြစ်များက ပြောကြားသည်။

လူဦးရေ သန်း ၇၀၀ ခန့်ရှိသည့် အာဆီယံဒေသသည် လာမည့်ငါးနှစ်အတွင်း ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံး စီးပွားရေးအင်အားစု ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံက တာဝန်ယူထားပြီး ထရန့်၏ ခရီးစဉ်အချိန်ဇယားနှင့် ကိုက်ညီစေရန် ညှိနှိုင်းမှုများ အချိန်ကြာမြင့်စွာ ပြုလုပ်ခဲ့ပြီးနောက် ထိပ်သီးအစည်းအဝေးများ ကျင်းပမည့် ရက်ကို နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက်အစား နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

အာဆီယံဆက်စပ် ထိပ်သီးအစည်းအဝေးများ တက်ရောက်ပြီးနောက် ထရန့်သည် နိုဝင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ တရုတ်နိုင်ငံ ၊ ရှင်းကျန့်မြို့တွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) အဖွဲ့၏ စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်မည်ဟု ယူဆရသည်။

နှစ်စဉ် အာဆီယံထိပ်သီးအစည်းအဝေးများ ကျင်းပတိုင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ နိုင်ငံအနေဖြင့် ကမ္ဘာ့ဩဇာအရှိဆုံး ခေါင်းဆောင်များအနက် တစ်ဦးဖြစ်သည့် အမေရိကန်သမ္မတကို တက်ရောက်လာစေရန် စီစဉ်ရခြင်းမှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာတွင် ထရန့်သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ထိုင်းနှင့်ကမ္ဘောဒီးယားတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးမှုကို ကြီးကြပ်ကြည့်ရှုခဲ့သည်။ ထိုစဉ်က အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် မလေးရှားက တာဝန်ယူချိန်ဖြစ်သည်။

ထရန့်သည် ပထမအကြိမ် သမ္မတသက်တမ်းအတွင်း အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည် မှာ တစ်ကြိမ်သာရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပစဉ်က ဖြစ်သည်။ သို့သော် အစည်းအဝေးမပြီးဆုံးမီ ဝါရှင်တန်သို့ ၎င်းပြန်သွားခဲ့သည်။ နောက်ပိုင်းတွင် အမေရိကန်ကိုယ်စားပြု အနေဖြင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးအဆင့်ထက် နိမ့်သည့် အရာရှိများကိုသာ အာဆီယံထိပ်သီးအစည်းအဝေးများ သို့ စေလွှတ်ခဲ့သည်။

အာဆီယံစီးပွားရေး အသိုက်အဝန်း၏ ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ခုနှစ်အထိ မဟာဗျူဟာစီမံကိန်းတွင် လူဦးရေ သန်း ၇၀၀ ခန့်ရှိသည့် အာဆီယံဒေသသည် စီးပွားရေးအရ ပိုမိုပေါင်းစည်းဖွံ့ဖြိုးလာပြီး ကမ္ဘာ့စတုတ္ထအကြီးဆုံး စီးပွားရေးအင်အားစု ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။

Ref: Thai PBS , Photo: White House

မူရင်းသတင်း — Eleven Media Group