
အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ် ဘန်းဒ်မြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် အောက်တိုဘာ ၁၅ ရက်က အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး၏ ပစ်ခတ်မှုကြောင့် ကလေးသုံးဦးနှင့် ဆရာတစ်ဦး သေဆုံးခဲ့ပြီး သေနတ်သမားကို အရပ်သားတစ်ဦးက ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်တွင် သေနတ်သမားက Silver Rail မူလတန်းကျောင်းသို့ ဝင်ရောက်ရန် သော့ခတ်ထားသည့် တံခါးများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ ပစ်ခတ်မှု စတင်ဖြစ်ပွားသည်ကို မြင်တွေ့ခဲ့သည့် အရပ်သားတစ်ဦးက သေနတ်သမားနောက်သို့ လိုက်လံကာ ကျောင်းအတွင်း၌ ထိပ်တိုက်ရင်ဆိုင်ပြီး ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
အသက်ငါးနှစ်၊ ရှစ်နှစ်နှင့် ၁၁ နှစ်အရွယ် ကလေးသုံးဦး သေဆုံးခဲ့ပြီး အသက်ခုနစ်နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၅၄ နှစ်အရွယ် ဆရာတစ်ဦးတို့ ဒဏ်ရာပြင်းထန်စွာ ရခဲ့ကာ ဆေးရုံသို့ပို့ဆောင်ထားသည်။
ပစ်ခတ်မှုဖြစ်ပြီး သုံးမိနစ်အကြာတွင် ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာသို့ ရောက်ရှိလာပြီး သေနတ်သမား သေဆုံးကြောင်း အတည်ပြုကာ ကျောင်းအတွင်း လိုက်လံစစ်ဆေးခဲ့သည်။ သေနတ်သမားနှင့် ကျောင်းအကြား မည်သို့ဆက်နွယ်မှုရှိသည်ကို ရှင်းလင်းစွာ မသိရသေးပေ။ မြို့တွင်းရှိ ကျောင်းများအားလုံးကို အောက်တိုဘာ ၁၆ ရက်တွင် ပိတ်ထားလိုက်ပြီဖြစ်သည်။
ပစ်ခတ်မှုဖြစ်ရာ မူလတန်းကျောင်းတွင် ကျောင်းသား ၄၅၀ ခန့်နှင့် ဝန်ထမ်း ၄၀ ကျော်ရှိကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ အချက်အလက်များအရ အမေရိကန်နိုင်ငံရှိ စာသင်ကျောင်းများတွင် ပြီးခဲ့သည့်နှစ်က ပစ်ခတ်မှု ၂၃၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ယခုနှစ်တွင် ပစ်ခတ်မှု ၁၄၀ ဖြစ်ပွားခဲ့ပြီးဖြစ်သည်။
Ref: BBC
AP Photo