
အမေရိကန်လေယာဉ်တင်စစ်သင်္ဘော USS Abraham Lincoln ပတ္တယားမြို့သို့ လာရောက်ဆိုက်ကပ်စဉ်အတွင်း ပတ္တယား၏စီးပွားရေး တိုးတက်လာမည်ဟု မျှော်လင့်ရသော်လည်း နောက်ဆက်တွဲပြဿနာများ ရှိလာနိုင်သဖြင့် လုံခြုံရေးနှင့် တရားမဝင် ပြည့်တန်ဆာလုပ်ငန်းများကို ထိုင်းအာဏာပိုင်များက စစ်ဆေးအရေးယူမှု တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
USS Abraham Lincoln နှင့် အစောင့်စစ်သင်္ဘောနှစ်စင်းတို့ ပတ္တယားမြို့အနီး လမ်ချာဘမ်းဆိပ်ကမ်းသို့ စက်တင်ဘာ ၂ ရက်တွင် ရောက်ရှိမည်ဖြစ်ပြီး စက်တင်ဘာ ၆ ရက်အထိ ၅ ရက်ကြာ စခန်းချမည်ဟု သိရသည်။ အမေရိကန် ရေတပ်သားများနှင့် မရိန်းတပ်ဖွဲ့ဝင် စုစုပေါင်း ၅,၀၀၀ ခန့် လိုက်ပါလာမည်ဖြစ်၍ ပတ္တယား၏ ခရီးသွားနှင့်ဖျော်ဖြေရေးကဏ္ဍတွင် အကျိုးအမြတ်များ ရလိမ့်မည်ဟု မျှော်လင့်ထားသည်။
ဩဂုတ် ၂၉ ရက်ညက ပတ္တယားကမ်းခြေအပါအဝင် အဓိကနေရာများကို တာဝန်ရှိသူများက စစ်ဆေးခဲ့ပြီး လမ်းဘေးပြည့်တန်ဆာအဖြစ် လုပ်ကိုင်နေသူဟုသံသယရှိသူ ထိုင်းနိုင်ငံသူ ၁၈ ဦး၊ လာအိုနိုင်ငံသူငါးဦးနှင့် ယူဂန်ဒါနိုင်ငံသူနှစ်ဦး စုစုပေါင်း ၂၅ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဘန်ကောက်ပို့စ်ဖော်ပြချက်အရ ၎င်းတို့ကို ဒဏ်ငွေချမှတ်ပြီးနောက် ပြန်လွှတ်ပေးလိုက်သည်။
ရဲတပ်ဖွဲ့က ကင်းလှည့်စစ်ဆေးမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး ကလေးသူငယ်လုံခြုံရေး၊ တောင်းရမ်းမှုနှင့် အများပြည်သူစည်းကမ်းဖောက်ဖျက်မှုများကို အထူးစောင့်ကြည့်သွားမည်ဖြစ်သည်။
USS Abraham Lincoln သည် ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာက ဆန်ဒီယေးဂိုးမှ စတင်ထွက်ခွာလာပြီး အီရန်နှင့်စစ်ပွဲဖြစ်ပွားနေစဉ် စစ်ဆင်ရေးများကိုကူညီရန် အနောက်အာရှသို့ စေလွှတ်ခံခဲ့ရသည်။ပင်လယ်ပြင်တွင် ရက်ပေါင်း ၂၀၀ ကျော် ဆက်တိုက်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ရောက်ရှိလာမည့် အမေရိကန်တပ်ဖွဲ့ဝင်များကို ပတ္တယားမြို့ခံများ ၊ စီးပွားရေးလုပ်ငန်းရှင်များက ဧည့်ဝတ်ကျေပွန်စွာ ကြိုဆိုကြရန်လည်း ရဲတပ်ဖွဲ့က တိုက်တွန်းထားသည်။
Ref: Firstpost