
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် လှည့်ဖြားတတ်သည့်မြွေတစ်ကောင်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ်အာရက်ချီက ဩဂုတ် ၃၁ ရက်တွင် စွပ်စွဲပြောဆိုခဲ့သည်။
နေတန်ယာဟုသည် အီရန်နှင့် စစ်ပွဲဖြစ်ပွားစေရန် အမေရိကန်ကို လှည့်ဖြားခဲ့ခြင်းဖြစ်သည်ဟု အာရက်ချီက ပြောကြားခဲ့သည်။
"ဟီဘရူးဘာသာနဲ့ဆိုရင် နေတန်ယာဟုဟာ အစ္စရေးကိုယ်စား အီရန်နဲ့ စစ်ဖြစ်အောင် အမေရိကန် အစိုးရအဖွဲ့ကို လှည့်ဖြားခဲ့တဲ့အကြောင်းကို ဂုဏ်ဖော်ဝံ့ကြွားနေပါတယ်။ အမေရိကန်အပေါ် သူ ဘယ်လိုဩဇာညောင်းလဲဆိုတဲ့ အကြောင်းတွေကို အမေရိကန်ရုပ်သံလိုင်းတွေပေါ်မှာ နာရီပေါင်း ၁၀၀၀ လောက် ရယ်မောပြောဆိုနေပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ကျတော့ သူက အမေရိကန်သမ္မတရဲ့ ဦးဆောင်မှုကို ချီးကျူးပြောဆိုပြန်ပါတယ်။ မြွေတစ်ကောင်လိုပါပဲ" ဟု အာရက်ချီက X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့်အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အီရန်၏ အမြင့်ဆုံးခေါင်းဆောင်ကြီး အလီ ခါမေနီနှင့် အဆင့်မြင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ သေဆုံးခဲ့ပြီးနောက် အီရန်နှင့် အမေရိကန်ကြား စစ်ပွဲ စတင်ဖြစ်ပွားခဲ့သည်။
ထို့နောက်နှစ်နိုင်ငံကြား စစ်ပွဲကြာရှည်လာသည်နှင့်အမျှ သဘောတူညီချက်ရယူရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိဘဲ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။