Eleven Media Group

■ပူတင်နှင့် တွေ့ဆုံရသည့်အတွက် ဝမ်း‌မြောက်ကြောင်း ရှီကျင်းပင် ပြောကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ကြောင်း တရုတ်သမ္မတ ရှီကျင်းပင်က ပြောကြားခဲ့သည်။

ပူတင်နှင့် ရှီတို့သည် ကာဂျစ္စတန်နိုင်ငံတွင် ပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၏ နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေးအတွင်း တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ဘိရှ်ကက် မြို့တော်တွင် ပြုလုပ်နေသည့် ဒေသတွင်း SCO အဖွဲ့၏ ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ထိပ်သီးအစည်းအဝေးသို့ အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်၊ တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန်၊ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ရှရစ်ဖ်တို့အပါအဝင် အခြားနိုင်ငံများမှ အကြီးအကဲများလည်း တက်ရောက်ခဲ့ကြသည်။

ယခု ထိပ်သီးအစည်းအဝေးသည် ရုရှား၏ ယူကရိန်း ကျူးကျော်စစ် ၄ နှစ်ခွဲအကြာနှင့် အမေရိကန်-အီရန် စစ်ပွဲ ၆ လအကြာတွင် စတင်ခဲ့ခြင်းဖြစ်သည်။

ပူတင်နှင့် ရှီတို့သည် ယခင် SCO ထိပ်သီးအစည်းအဝေးများကိုလည်း ဝင်ရိုးစုံကမ္ဘာ အခင်းအကျင်းကို မြှင့်တင်ရန်နှင့် အနောက်အုပ်စုကို ဆန့်ကျင်သည့် ညီညွတ်သော တပ်ဦးတစ်ခုအဖြစ် ပြသရန် အသုံးပြုခဲ့ကြဖူးသည်။

ရှီက ပူတင်အား တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး ရုရှား-တရုတ် ဆက်ဆံရေးသည် ပိုမို ခိုင်မာလာကြောင်းနှင့် ၎င်းတို့၏ အနာဂတ် အလားအလာများမှာလည်း ပိုမို တောက်ပလာမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

နိုင်ငံတကာ အခင်းအကျင်းအတွင်း မရေရာမှုနှင့် ခန့်မှန်းရခက်ခဲမှုသည် သိသိသာသာ မြင့်တက်လာကြောင်း ရှီက ‌ပြောကြားခဲ့ပြီး ပူတင်ကလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများသည် ကဏ္ဍပေါင်းစုံတွင် အောင်မြင်စွာ တိုးတက်နေကြောင်း ရှီက ပြောကြားခဲ့သည်။

ပူတင်နှင့် ရှီတို့သည် ပြီးခဲ့သည့် မေလအတွင်းက နောက်ဆုံး တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေစဉ်အတွင်း ရုရှား၏ စီးပွားရေးသည် တရုတ်နိုင်ငံအပေါ် ပိုမိုမှီခိုလာခဲ့ရ သည်။ အနောက်နိုင်ငံများကမူ စစ်ပွဲကို အဆုံးသတ်ရန် ရုရှားအား ဖိအားပေးရန် တရုတ်ကို တောင်းဆိုထား သည်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က ပူတင်နှင့် ရှီတို့နှစ်ဦးသည် ယူကရိန်းစစ်ပွဲ အကြောင်းကို အပေါ်ယံ စကားစမြည်မျှသာ ဆွေးနွေးခဲ့ကြကြောင်း ရုရှားမီဒီယာသို့ ပြောကြားခဲ့သည်။

ပူတင်သည် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့်လည်း တွေ့ဆုံခဲ့ပြီး ခေါင်းဆောင်နှစ်ဦးလုံးသည် ဆွေးနွေးပွဲများသို့ ကားတစ်စီးတည်းဖြင့် အတူတကွ ရောက်ရှိလာခဲ့ကြသည်။

ပူတင်က ရုရှားအနေဖြင့် ယူကရိန်းပဋိပက္ခကို ဖြေရှင်းနိုင်မည့် လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေသည်ဟု ပြောကြားခဲ့သည်။

အမေရိကန်က ကြားဝင်စေ့စပ်ပေးနေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာမူ တုန့်ဆိုင်းနေဆဲ ဖြစ်သည်။

ပူတင်သည် အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် နှင့်လည်း သီးခြားတွေ့ဆုံ ဆွေးနွေးဖွယ်ရှိသည်။

ကမ္ဘာပေါ်တွင် ပိတ်ဆို့အရေးယူမှု အများဆုံး ခံထားရသည့် နိုင်ငံများထဲ၌ ပါဝင်သော ရုရှားနှင့် အီရန်တို့သည် ယူကရိန်းစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ၎င်းတို့၏ စစ်ဘက်နှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံရေးများကို သိသိသာသာ တိုးမြှင့်ခဲ့ကြသည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group