Eleven Media Group

ဂျာမနီလေဆိပ်တွင် နိုင်ငံခြားသားတစ်ဦး၏ ခရီးဆောင်အိတ်အတွင်း မြွေနှင့်အိမ်မြှောင် အကောင် ၉၀ ခန့် ဝှက်သယ်လာသည်ကို တွေ့ရှိ

ဂျာမနီလေဆိပ်တစ်ခုတွင် မက္ကဆီကိုနိုင်ငံမှ ရောက်ရှိလာသည့် ခရီးသည်တစ်ဦး၏ ခရီးဆောင်အိတ်အတွင်း အဆိပ်ရှိမြွေ ၃၇ ကောင်နှင့် အိမ်မြှောင် ၅၅ ကောင် စုစုပေါင်း တွားသွားသတ္တဝါ ၉၂ ကောင် ဝှက်သယ်လာသည်ကို တွေ့ခဲ့ရကြောင်း ဂျာမနီအကောက်ခွန်တာဝန်ရှိသူများက အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အသက် ၄၅ နှစ်အရွယ် အဆိုပါနိုင်ငံခြားသားသည် ပြီးခဲ့သည့်လက ဂျာမနီ ၊ ကိုလုံးမြို့ရှိလေဆိပ်သို့ ရောက်ရှိလာစဉ် မငြိမ်မသက်ပြုမူနေသဖြင့် မူးယစ်ဆေးဝါးသုံးမှု ရှိမရှိ စစ်ဆေးခဲ့ရာ ကိုကင်းသုံးစွဲထားကြောင်း တွေ့ခဲ့ရသည်။ သို့သော် ၎င်း၏ခရီးဆောင်အိတ်ကို ရှာဖွေရာ မူးယစ်ဆေးဝါးများအစား မြွေများနှင့် အိမ်မြှောင်များကို ပလတ်စတစ်ဘူးများ၊ ခေါင်းလျှော်ရည်နှင့် လိမ်းဆေးဘူးများအပြင် ခြေအိတ်များအတွင်း ဝှက်သယ်လာသည်ကို တွေ့ခဲ့ရသည်။

အဆိပ်ရှိမြွေပွေးများ၊ မြွေခလောက်များနှင့် အိမ်မြှောင်မျိုးစိတ်အမျိုးမျိုး ပါဝင်ပြီး အများစုက အရှင်များဖြစ်ကာ အကောင် ၃၀ ခန့်က အသက်မရှိတော့ပေ။ အကောင်အရှင်များကို ဂျာမနီအလယ်ပိုင်းရှိ မြွေမွေးမြူရေးခြံတစ်ခုသို့ ပို့လိုက်သည်။

မက္ကဆီကိုစီးတီးမှ တူရကီနိုင်ငံ၊ အစ္စတန်ဘူမြို့ကို ဖြတ်သန်းကာ ဂျာမနီသို့ ရောက်ရှိလာသည့် ၎င်းအမျိုးသားက ဘရာဇီးနိုင်ငံသား အသိမိတ်ဆွေတစ်ဦးက အကူအညီတောင်းသဖြင့် ထိုအကောင်များကို သယ်လာပေးခြင်းဖြစ်ကြောင်း ပြောသည်။ ဂျာမနီအာဏာပိုင်များက ၎င်းအား ပြည်ဝင်ခွင့်မပြုဘဲ နောက်တစ်နေ့တွင် အစ္စတန်ဘူသို့ ပြန်ခိုင်းလိုက်သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group