Eleven Media Group

■ အမေရိကန်က စစ်ပွဲကိုအဆုံးသတ်ရန် ရည်ရွယ်သော သဘောတူညီချက်အတိုင်း ပြန်လုပ်မည်ဆိုပါက မိမိတို့ကလည်း ထိုအတိုင်းချက်ချင်းလုပ်ဆောင်မည်ဟု အီရန်သမ္မတ ပြောကြား

အမေရိကန်ပြည်ထောင်စုက ၎င်းတို့၏ စစ်ပွဲကိုအဆုံးသတ်ရန် ရည်ရွယ်သော ဇွန်သဘောတူညီချက်ထံပြန်သွားမည်ဆိုပါက အီရန်ကလည်း ထိုအတိုင်းချက်ချင်း ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အီရန်သမ္မတ မာဆွတ်ပီဇက်ခီယန်က စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

"အမေရိကန်ပြည်ထောင်စုဟာအထက်မှာကျွန်တော်ပြောခဲ့တဲ့ နားလည်မှုစာချွန်လွှာအရသူတို့ပေးထားတဲ့ ကတိအတိုင်း ပြန်လုပ်မယ်ဆိုရင် အီရန်ကလည်းအလားတူချက်ချင်းပြန်လည်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ကျွန်တော် ရှင်းရှင်းလင်းလင်းပြောပါတယ်"ဟု ကာဇက်စတန်၌ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ထိပ်သီးအစည်းအဝေးတွင် ပီဇက်ခီယန်က ပြောကြား‌ကြောင်း အီရန်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

ဇွန်လတွင် သဘောတူညီမှုရရှိခဲ့သော နားလည်မှုစာချွန်လွှာသည် အီရန်နှင့်အမေရိကန်တို့ လပေါင်းများစွာတိုက်ခိုက်နေမှုများကို အဆုံးသတ်ရန်ရည်ရွယ်သည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင်အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်း၍ အီရန်ကို တိုက်ခိုက်ခဲ့သောကြောင့် စစ်ပွဲဖြစ်ပွားခဲ့သည်။

နောက်ပိုင်းတွင်ထိုသဘောတူညီချက်ပျက်သွားခဲ့သည်။ နှစ်ဖက်စလုံးက သဘောတူညီချက်ပါအချက်များကို ချိုးဖောက်သည်ဟုအပြန်အလှန်စွပ်စွဲခဲ့ကြသည်။

"အစ္စလာမ်မာဘတ် နားလည်မှုစာချွန်လွှာအရအမေရိကန်ဟာသူပေးထားတဲ့ကတိတွေကိုအကြိမ်ကြိမ်ဖောက်ဖျက်နေဟာ ထိရောက်တဲ့ ကတိတည်မှုအာမခံချက်တွေမရှိတာ၊ ဖိအားပေးခြင်းနဲ့ခြိမ်းခြောက်မှု မူဝါဒထံပြန်သွားတာတို့ဟာသံတမန်ရေးလမ်းကြောင်းကို လမ်းလွဲသွားစေနိုင်တယ်ဆိုတာကိုပြနေပါတယ်"ဟု အဆိုပါထိပ်သီးတွင် ပြောကြားခဲ့သောမိန့်ခွန်း၌ ပီဇက်ခီယန်က ထည့်သွင်းပြောကြားခဲ့သည်။

"အီရန်ဟာ အငြင်းပွားမှုတွေကိုဖြေရှင်းဖို့မူလလမ်းကြောင်းအဖြစ် သံတမန်ရေးနဲ့ဆွေးနွေးတာတွေကိုဆက်လက်အလေး ထားပါတယ်။ ဒါပေမဲ့ ကောင်းမွန်တဲ့ယုံကြည်ချက်တွေမရှိတဲ့ သံတမန်ရေး၊ ကတိတွေကိုမလေးစားတဲ့သံတမန်ရေး၊ အင်အားအသုံးပြုတာကိုရှောင်ကြဉ်တာမျိုးမရှိတဲ့သံတမန်ရေးဟာ ထာဝရငြိမ်းချမ်းရေးကိုဖန်တီးပေးနိုင်ခြင်းမရှိပါဘူး"ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်သည်၎င်းပေးထားသည့်ကတိများအတိုင်းပြန်လည်လုပ်ဆောင်ရမည်ဖြစ်ပြီး သမ္မတလက်မှတ်ထိုးထားသည့်သဘောတူညီချက်အတိုင်းလုပ်ဆောင်ရမည်ဟု အီရန် နိုင်ငံခြားရေးဝန်အဘက်စ်အာရက်ချီက ဩဂုတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။

ယင်းသို့လုပ်ဆောင်မည်ဆိုပါကအရာရာသည်မှန်ကန်သောလမ်းကြောင်းပေါ်သို့ပြန်လည်ရောက်ရှိသွားနိုင်သည်ဟုအီရန်နိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့သည်။

Photo - AFP

မူရင်းသတင်း — Eleven Media Group