
အင်ဒိုနီးရှားတောမီးမှ ထွက်ပေါ်လာသည့် မီးခိုးများကြောင့် မလေးရှားနိုင်ငံ ဆာရာဝက်ခ်ပြည်နယ်တွင် စက်တင်ဘာ ၁ ရက်က လေထုအရည်အသွေးပိုမိုဆိုးရွားလာခဲ့ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာခံစားရမှုများ မြင့်တက်လာပြီး ဒေသခံများက နှာခေါင်းစည်းများ အလုအယက်ဝယ်ယူနေကြသည်။
ဘော်နီယိုကျွန်းပေါ်ရှိ ဆာရာဝက်ခ်ပြည်နယ် မြို့တော်ကူချင်းတွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း (API) ၄၀၇ အထိ ရောက်ရှိခဲ့ခြင်း အပါအဝင် ခရိုင် ၆ ခု၌ အန္တရာယ်ရှိသောအဆင့် API စံချိန်များကို ရောက်ရှိခဲ့သည်။
အမျိုးသားလမ်းညွှန်ချက်များအရ အညွှန်းကိန်း ၃၀၀ ထက်ကျော်လွန်ပါက အန္တရာယ်ရှိသောအဆင့်အဖြစ် သတ်မှတ်ပြီး ၅၀၀ ထက်ကျော်လွန်ပါက ဒေသတွင်း အရေးပေါ်အခြေအနေ ထုတ်ပြန်ရန် စဉ်းစားနိုင်သည်။
ကူချင်းမြို့ရှိ ကျောင်းများကို လွန်ခဲ့သည့် နှစ်ပတ်ကတည်းက ပိတ်ထားခဲ့ပြီး ပြည်နယ်အတွင်း မီးခိုးမြူကာ နှာခေါင်းစည်း ပစ္စည်းပြတ်လပ်မှုများ ကြုံတွေ့နေရသည်။
အသက် ၃၇ နှစ်အရွယ် ဒေသခံ အိုင်ဗားနား မေဆွန် က ၎င်းသွားရောက်ခဲ့သည့် ဆေးဆိုင် ၅ ဆိုင်လုံးတွင် အမှုန်အမွှားများကို စစ်ထုတ်ပေးနိုင်သော နှာခေါင်းစည်းများ ကုန်နေကြောင်း ပြောကြားခဲ့သည်။
"ရနိုင်တာဆိုလို့ ပုံမှန်ဆေးဘက်ဆိုင်ရာ နှာခေါင်းစည်းတွေပဲ ရှိတော့တယ်။ အဲဒါတွေက အနုစိတ်မီးခိုးမြူ အမှုန်အမွှားတွေကို ကာကွယ်ဖို့ မထိရောက်ပါဘူး" ဟု သူက ပြောခဲ့သည်။
လေထုဆိုးရွားလာမှုသည် သူ၏ ကျန်းမာရေးကိုပါ ထိခိုက်စေခဲ့ပြီး လည်ချောင်းနာခြင်းနှင့် ရောဂါဟောင်း ရင်ကျပ်ဖြစ်သည့် ရင်ကျပ်ဝေဒနာကို ပိုမိုဆိုးရွားစေခဲ့ကြောင်း မေဆွန် က ပြောသည်။
"ကျွန်မ မရပ်မနား နှာချေနေပြီး မျက်ရည်တွေလည်း ခဏခဏ ထွက်နေတယ်" ဟု ဆိုကာ မီးခိုးမြူများကြောင့် သူပုံမှန်သွားနေကျ လေအေးပေးစက် မရှိသော အားကစားရုံသို့ သွားရောက်ခြင်းကို ရပ်ဆိုင်းခဲ့ရပြီး အပြင်ထွက်ခြင်းကိုလည်း ကန့်သတ်ထားရကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
Photo: AFP