Eleven Media Group

Apple ကုမ္ပဏီ၏ စီအီးအိုအသစ်အဖြစ် ဂျွန်တာနပ်စ် စတင်တာဝန်ယူ

Apple ကုမ္ပဏီ၏ စီအီးအိုအသစ်အဖြစ် ဂျွန်တာနပ်စ်က စက်တင်ဘာ ၁ ရက်တွင် စတင်တာဝန်ယူလိုက်ပြီဖြစ်ပြီး Apple ကုမ္ပဏီကို ၁၅ နှစ်နီးပါး ဦးဆောင်ခဲ့သည့် တင်မ်ကွတ်ခ်၏ နေရာကို ဆက်ခံသူဖြစ်လာခဲ့သည်။

ယခင်က Apple ကုမ္ပဏီ၏ hardware အင်ဂျင်နီယာပိုင်းဆိုင်ရာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တာနပ်စ်သည် ဧပြီလက Apple ၏ ခေါင်းဆောင်မှု အပြောင်းအလဲ အစီအစဉ် ထုတ်ပြန်ချက်အရ ယခုအခါ Apple ကုမ္ပဏီ၏ ရှစ်ဦးမြောက် စီအီးအို ဖြစ်လာခဲ့သည်။

တင်မ်ကွတ်ခ်သည် Apple ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့ အမှုဆောင်ဥက္ကဋ္ဌ ရာထူးသို့ ပြောင်းရွှေ့ တာဝန်ယူခဲ့သည်။

၂၀၀၁ ခုနှစ်တွင် Apple ကုမ္ပဏီသို့ စတင်ဝင်ရောက်ခဲ့သည့် တာနပ်စ်သည် iPhone, iPad နှင့် Mac အပါအဝင် ကုမ္ပဏီ၏ အဓိက ထုတ်ကုန်များစွာ တီထွင်ဖန်တီးမှုအပိုင်း၌ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။

Apple ကုမ္ပဏီအနေဖြင့် နည်းပညာ ပြိုင်ဘက်များထံမှ ပိုမိုကြီးမားသော ယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်နေရသည့် AI နည်းပညာ ကဏ္ဍတွင် ရပ်တည်ချက် ပိုမိုခိုင်မာလာစေရန် ကြိုးပမ်းနေချိန်၌ ယခုကဲ့သို့ ရာထူးတိုးမြှင့်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခု ခေါင်းဆောင်မှု အပြောင်းအလဲသည် Apple ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ထုတ်ကုန်သစ် မိတ်ဆက်ပွဲ ကျင်းပရန် ရက်ပိုင်းမျှ အလို၌ ထွက်ပေါ်လာခြင်းဖြစ်သည်။

Apple ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ စတိဗ် ဂျော့ဘ်စ်၏ နေရာကို ဆက်ခံကာ ၂၀၁၁ ခုနှစ်တွင် စီအီးအို ဖြစ်လာခဲ့သည့် တင်မ် ကွတ်ခ်သည် အမှုဆောင်ဥက္ကဋ္ဌအဖြစ် ကုမ္ပဏီ၌ ဆက်လက် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group