
ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးများအား စက်တင်ဘာလအတွင်း ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်အသီးသီးက သြဂုတ် ၃၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၉၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၁၃ နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၊ နည်းဥပဒေခွဲ (ခ) တို့အရ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အ စည်းအဝေးကို စက်တင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်၌ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၅၅ နှင့် ၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ နှင့် ၂၀၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ) တို့အရ တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေးကို စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်၌ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်က ထုတ်ပြန်ကြေညာထားသည်။
ထို့အတူ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးကိုလည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၆၊ ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၃၅ နှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၃၊ နည်းဥပဒေ ခွဲ (ခ) တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ စက်တင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်၌ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်က ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ကြောင့် သက်ဆိုင်ရာလွှတ်တော်အသီးသီးကို တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်ရက် များမတိုင်မီ အစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ လုပ်ဆောင်နိုင်ရန် “ဖိတ်စာလက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ” ရုံးချိန်များအတွင်း သက်ဆိုင်ရာတာဝန်ရှိသူများထံ သတင်းပေးပို့ကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။