
တရုတ်နှင့်နီပေါတို့တွင် ဩဂုတ် ၂၆ ရက်နေ့ကတည်းက ရေခဲမြစ်ရေလျှံမှုကြောင့် သေဆုံးသူ ၁၀၀၀ ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့များသည် ရေအားလျှပ်စစ် ဥမင်လိုဏ်ခေါင်းများအတွင်း ပိတ်မိနေသည်ဟု ယူဆရသော လူပေါင်းများစွာ အပါအဝင် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေလျက်ရှိသည်။
မြင့်မားသော တောင်တန်းပေါ်ရှိ ရေခဲမြစ် ပြိုကျမှုကြောင့် ဖြစ်ပေါ်လာသည့် ရေခဲရေ၊ ကျောက်တုံးများနှင့် အပျက်အစီးများ ပါဝင်သော တစ်ဟုန်ထိုးစီးဆင်းလာသည့် ရေလှိုင်းကြီးသည် နီပေါနိုင်ငံတစ်ဝန်းရှိ အိမ်ခြေများကို သုတ်သင်ရှင်းလင်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှုပေါင်းများစွာကို ဖြစ်ပေါ်စေခဲ့ရာ လူပေါင်း ၄၅၀၀ နီးပါး ပျောက်ဆုံးနေဆဲဖြစ်သည်။
နီပေါ ကယ်ဆယ်ရေးအဖွဲ့များသည် ဥမင်လိုဏ်ခေါင်း အသီးသီးတွင် ပိတ်မိနေသည်ဟု ယုံကြည်ရသော ရေအားလျှပ်စစ် အလုပ်သမား ၁၀၀ ခန့်ကို ကယ်ထုတ်နိုင်ရန် အချိန်နှင့်တပြေးညီ အပျက်အစီးများကို တူးဖော်ခြင်း၊ အပေါက်ဖောက်ခြင်းနှင့် မိုင်းခွဲခြင်းများကို ပြုလုပ်လျက်ရှိသည်။
ယခုအချိန်အထိ ကယ်ဆယ်ရေးသမားများသည် ရွှံ့နွံများ ပိတ်ဆို့နေသော ဥမင်များအတွင်းမှ အလောင်းများကိုသာ တူးဖော်ရရှိသေးသဖြင့် အသက်ရှင်ကျန်ရစ်သူများကို တွေ့ရှိရန် မျှော်လင့်ချက်များ မှေးမှိန်လာလျက်ရှိသည်။
စက်တင်ဘာ ၁ ရက် ညပိုင်းအထိ မြေတူးစက်များဖြင့် ဆက်လက်တူးဖော်ခဲ့သော်လည်း ၎င်းတို့တူးဖော်နေသော အပေါက်အတွင်းသို့ ရေအမြောက်အမြား စီးဝင်လာခဲ့သဖြင့် အပေါက်သစ်တစ်ခုကို ပြန်လည်စတင်တူးဖော်ခဲ့ရကြောင်း စစ်တပ်၏ နောက်ဆုံးရသတင်းတွင် ဖော်ပြထားသည်။
Photo:AFP