Eleven Media Group

■ လူ ၁၁ ဦး သေဆုံးခဲ့သည့် အမေရိကန်၏တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်က အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ပြန်လည်တိုက်ခိုက်

လူ ၁၁ ဦး သေဆုံးခဲ့သည့် အမေရိကန်၏တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အီရန်က အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ပြန်လည်တိုက်ခိုက်ခဲ့သည်။

အီရန်က စက်တင်ဘာ ၂ ရက်တွင် အရှေ့အလယ်ပိုင်းရှိ အမေရိကန်၏အကျိုးစီးပွားများကို တိုက်ခိုက်ခဲ့ပြီး အစ္စလာမ်မစ်သမ္မတနိုင်ငံကို အမေရိကန်၏ပြန်လည်တိုက်ခိုက်မှုများအတွက် ဆိုးရွားသော အကျိုးဆက်များရှိလာမည်ဟု ပြောကြားခဲ့သည်။

ဟော်မုဇ်ရေလက်ကြားနှင့်ပတ်သက်၍ ထပ်မံဖြစ်ပွားသော နောက်ဆုံးတိုက်ခိုက်မှုများက အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်အခြေ စိုက်စခန်းများအထိ ကျယ်ပြန့်လာခဲ့ပြီး ဝါရှင်တန်၏ ပင်လယ်‌ကွေ့မဟာမိတ်နိုင်ငံများသည် ‌ ခြောက်လကြာ ပဋိပက္ခတွင် ထဲထဲဝင်ဝင် ပါဝင်လာကြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်ဘက်က လက်တုံ့ပြန်လာမည်ဆိုလျှင် ပိုမိုပြင်းထန်၍ ပိုမိုမြန်ဆန်သော တိုက်ခိုက်မှုများရှိလာမည်ဟု စောစောပိုင်းက သတိပေးခဲ့သည်။ အီရန်တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့ကို အမေရိကန်က တိုက်ခိုက်ခဲ့သောကြောင့် ၁၁ ဦးသေဆုံးခဲ့သည်ဟု အီရန်အစိုးရမီဒီယာက ဖော်ပြခဲ့သည်။

အီရန်မီဒီယာ၏ဖော်ပြချက်အရအီရန်က ဂျော်ဒန်ရှိ အမေရိကန်စစ်အခြေစိုက် စခန်းနှစ်ခုကို ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဂျော်ဒန်စစ်တပ်က အီရန်မှပစ်ခတ်လိုက်သော ပဲ့ထိန်းဒုံးကျည် ၁၀ စင်းကို ကြားဖြတ်ပစ်ချခဲ့သည်ဟု ပြောကြားခဲ့သည်။ သို့သော် ထိခိုက်ဒဏ်ရသူများ သို့မဟုတ် ဒုံးကျည်ထိမှန်မှုများရှိသည်ဆိုခြင်းကို ဂျော်ဒန်စစ်တပ်က အတည်ပြုပြောကြားခြင်း မရှိပေ။

အခြားသော ဒုံးကျည်သုံးစင်းသည် ဝေးလံသောနေရာများသို့ ကျရောက်ခဲ့သည်ဟု ဆိုသည်။

ကူဝိတ်နိုင်ငံတွင်လည်း ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများရှိခဲ့သည်ဟု သိရပြီး အီရန်၏တိုက်ခိုက်မှုများကို မိမိတို့က တုံ့ပြန်ခဲ့သည်ဟု ကူဝိတ်စစ်တပ်က ပြောကြားသည်။ ဘာရိန်းနိုင်ငံရှိ AFP သတင်းထောက်များက စက်တင်ဘာ ၂ ရက် အစောပိုင်းတွင်‌ လေကြောင်းရန် အချက်ပေးသံများကို ကြားခဲ့ရသည်ဟု ဆိုသည်။

အီရန်စစ်တပ်က ပင်လယ်ကွေ့ရှိ ဝါရှင်တန်၏အဓိကမဟာမိတ်ဖြစ်သော ဘာရိန်းရှိ လေတပ်အခြေစိုက်စခန်းတွင်ရှိသော အမေရိကန်တပ်ဖွဲ့များကို ပစ်မှတ်ထားသည့် ဒရုန်းတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည်ဟု ပြောကြားသည်။

Ref: AFP
photos: AFP

မူရင်းသတင်း — Eleven Media Group