
ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးက အမေရိကန်အစိုးရအနေဖြင့် အင်အားကြီးသယောင် ပြသရန် ကြိုးစားနေခြင်းများကို ရပ်တန့်ပြီး နှစ်နိုင်ငံကုန်သွယ်ရေး ဆွေးနွေးမှုများကို အလေးအနက်ထား ဆောင်ရွက်ရန် စက်တင်ဘာ ၁ ရက်က တုံ့ပြန်ပြောကြားလိုက်သည်။ အမေရိကန်ဘက်က ကနေဒါအစိုးရအပေါ် ဝေဖန်ထိုးနှက်မှုများ ဆက်တိုက်ထွက်ပေါ်လာချိန် ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
“အမေရိကန်ဘက်က လှောင်ပြောင်တဲ့ Meme တွေ တင်တာ၊ အရိပ်အမြွက်ထိုးနှက်ပြောဆိုတာတွေနဲ့ မာကျောချင်ယောင်ဆောင်တာတွေကို ရပ်ပြီး အလေးအနက်ထား ဆွေးနွေးမယ်ဆိုရင်တော့ ကနေဒါဘက်ကလည်း ဆွေးနွေးနိုင်ပါတယ်။ အခုလိုလုပ်နေတာတွေက အပြုသဘောဆောင်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ ဒါပေမယ့် ဒါက သူတို့ရဲ့ ဒီမိုကရေစီပဲလေ” ဟု ကာနေးက ပြောသည်။
ဩဂုတ် ၂၁ ရက်တွင် ကုန်သွယ်ရေးဆွေးနွေးမှုများ ပျက်ပြားသွားပြီးနောက် အမေရိကန်ဘက်က ကနေဒါကို ဖိအားပေးမှုနှင့် လှောင်ပြောင်မှုများ ပိုမိုပြင်းထန်လာခဲ့သည်။ ဒေါ်နယ်ထရန့်က အွန်တာရီယိုရေအိုင်ကို အမေရိကရေအိုင်ဟု နာမည်ပြောင်းခေါ်ဝေါ်ရန် ကြိုးပမ်းခဲ့သည့်အပြင် လူမှုကွန်ရက်မှတစ်ဆင့် ကနေဒါကို လှောင်ပြောင်ခဲ့သည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်က ကနေဒါသည် ၎င်းတို့ထက် စီးပွားရေးအင်အား ၁၃ ဆခန့်ကြီးမားသည့် အမေရိကန်နှင့် အပြန်အလှန်ပုံစံမျိုး မပြုလုပ်နိုင်ဟု ပြောဆိုခဲ့သည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီဟက်ဂ်ဆက်ကလည်း ကနေဒါစစ်တပ်ကို လူမှုကွန်ရက်မှတစ်ဆင့် လှောင်ပြောင်ခဲ့သည်။
ကနေဒါဝန်ကြီးချုပ်က ဆွေးနွေးပွဲတွင် အမေရိကန်ဘက်က တောင်းဆိုချက်များကို လက်ခံပါက ကနေဒါ၏ စက်မှုလုပ်ငန်းများသည် အမေရိကန်ကုမ္ပဏီများ၏ လက်အောက်ခံများသဖွယ် ဖြစ်သွားနိုင်ကြောင်း သတိပေးနေသည်။
ထို့ပြင် ကနေဒါအတွင်းရှိ အချို့စက်မှုလုပ်ငန်းများ တဖြည်းဖြည်းရပ်ဆိုင်းသွားပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားနိုင်သည်အထိ အန္တရာယ်ရှိကြောင်း ၎င်းက ဆိုသည်။
ထရန့်သည် ကနေဒါကို အမေရိကန်ပြည်ထောင်စု၏ ၅၁ ခုမြောက်ပြည်နယ် လုပ်ပစ်မည်ဟုလည်း အကြိမ်ကြိမ်ပြောလေ့ရှိသည်။
Ref: AP