





လေးမျက်နှာ၊ စက်တင်ဘာ ၃
လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုး အင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှု ရေဝင်လမ်းကြောင်းပိတ်ဆို့ရေးလုပ်ငန်းများ မကြာမီပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ က အသိပေးထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုး အင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ခြင်းဖြစ်ပေါ်ခဲ့မှုအပေါ် ရေတိုက်စားမှုကာကွယ်ခြင်းလုပ်ငန်းနှင့် ရေဝင်လမ်းကြောင်းပိတ်ဆို့ ကာကွယ်ရေးလုပ်ငန်းများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တံတားဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ နည်းပညာကျွမ်းကျင်သူများ၊ ကျွမ်းကျင်လုပ်သားများပေါင်းစပ်၍ Geo-bags အိတ်ကြီးများချခြင်း၊ ပန်းတာ၏ လက်ဝဲဘက်ခြမ်းနှင့် လက်ယာဘက်ခြမ်းတို့တွင် ရေတိုက်စားမှုမှကာကွယ်ရန် သဲအိတ် ၁၀၀ ပါ နိုင်လွန်ပိုက်ကြိုးဖြင့် ထုပ်ပိုးသည့် သဲအိတ်တွဲများချခြင်း၊ သောင်တူးစက်ကြီးရေယာဉ်တွဲဖြင့် သဲတူးဖော်ပြီး ပန်းတာရေဝင်လမ်းအနီးသို့ သဲမှုတ်သွင်းခြင်း၊ Steel Sheet Pile များ ရိုက်ခြင်း၊ ရိုက်ပြီး Steel Sheet Pile များနောက်တွင် Jumbo Bags သဲအိတ်များချခြင်း လုပ်ငန်းများကို နေ့ပိုင်းညပိုင်းခွဲကာ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သည်။
ထို့အပြင် ရေဝင်လမ်းပိတ်ဆို့ကာကွယ်ခြင်းလုပ်ငန်းများအနက် လုပ်ငန်းတစ်ခုဖြစ်သော CB တွဲခွံအတွင်း သဲ၊ ကျောက်ထည့်သွင်း နစ်မြုပ်ဆောင်ရွက်နိုင်ရေးအတွက် ဧရာရွှေဝါကုမ္ပဏီမှလှူဒါန်း သော CB တွဲခွံ ၈၀ ပေ × ၁၈ ပေ × ၉ ပေ အား မော်လမြိုင်ကျွန်းမြို့နယ်မှ ငဝန်တာပိတ်ဆို့ခြင်း လုပ်ငန်းခွင်သို့သယ်ယူ၍ ၃.၉.၂၀၂၆ ရက်နေ့ ညနေပိုင်းတွင် သဲ၊ ကျောက်များထည့်သွင်း၍ နှစ်မြုပ် ဆောင်ရွက်ခဲ့ပြီးသည့်အပြင် အခြားရေဝင်လမ်းကြောင်းပိတ်ဆို့ရေးလုပ်ငန်းများလည်း မကြာမီပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း ရေဘေးသင့်မိဘပြည်သူများ သိရှိနိုင်ပါရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
#News #Myanmar