တနင်္သာရီ , စက်တင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့်သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီး ဦးသိန်းလွင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြိတ်ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များသည် စက်တင်ဘာ(၅)ရက်က တနင်္သာရီမြို့နယ် ရေဘေး သင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းနှင့် အထူးကု ဆရာဝန်ကြီးများအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးသည်။
တိုင်းဒေသကြီး ဝန်ကြီးနှင့်အဖွဲ့သည် ချောင်းငယ်ရပ်ကွက်၊ ရိပ်သာဘုန်းတော်ကြီးကျောင်းနှင့် ချောင်းကြီးရပ်ကွက် ဘုန်းတော်ကြီးကျောင်းတို့တွင် ယာယီရေဘေး ကယ်ဆယ်ရေးများရှိ ရေဘေးသင့် ပြည်သူများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ တာဝန်ရှိသူများနှင့်အတူ သွား ရောက်တွေ့ဆုံခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ကိုယ်စား တိုင်းဒေသကြီးဝန်ကြီးက ရေဘေးသင့် ပြည်သူများအား အားပေးစကားများ ပြောကြားသည်။
ထို့နောက် ရေဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ မာမား ခေါက်ဆွဲ၊ ငါးသေတ္တာများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထိခိုက်လွယ်အုပ်စုများဖြစ်သည့် အသက်(၇၀)နှစ်နှင့်အထက် ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်များ၊ (၅)နှစ်အောက်ကလေးများနှင့် မသန်စွမ်းသူများ အတွက် ထောက်ပံ့ငွေများ၊ ရေဘေးသင့်ပြည်သူများထဲမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးသွားသူများကို ကတ်ပြားအသစ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများမှ ပေးအပ်ကြသည်။
ထို့နောက် တနင်္သာရီမြို့နယ် ရေဘေးသင့်ပြည်သူများနှင့်ပြည်သူများအား မြိတ်ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့မှ မြို့နယ်ပြည်သူ့ဆေးရုံတွင် အထွေထွေ ရောဂါဆေးပညာ၊ ခွဲစိတ်လူနာ၊ ကလေးလူနာ၊ သားဖွားမီးယပ်လူနာ၊ အရိုးလူနာ၊ မျက်စိလူနာ၊ နား နှာခေါင်း လည်ချောင်းလူနာ၊ အရေပြားလူနာ၊ သွားရောဂါ၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးခြင်း စသည့် လူနာစုစုပေါင်း(၂၇၅)အား ကွင်းဆင်းဆေးကုကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအား သွားရောက် ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ တနင်္သာရီမြို့ ရေဝင်ရောက်နေသည့် အနိမ့်ပိုင်းနေရာများ၊ လမ်းများ၊ ရေဝင်ရောက်သည့် မြို့ရိုးတာဘောင်များ၊ တာပတ်လုပ်ငန်းပြုလုပ်မည့်နေရာ၊ စာသင်ကျောင်းနှင့် မြို့အတွင်း ဝင်ရောက်နေသည့် ရေများစုပ်ထုတ်သည့် ရေစုပ်စက်ရုံတို့ကိုသွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများအား မြစ်ရေကျချိန် သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ရေး၊ ကျောင်းပြန်ဖွင့်သည့်အခါ သင်ကြားသင်ယူမှုလိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ရေးကို တိုင်းဒေသကြီးဝန်ကြီးမှ တာဝန်ရှိသူများအား ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး ဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ တာဝန်ရှိသူများအားတွေ့ဆုံ၍ ရေဘေးသင့်ပြည်သူများ ထောက်ပံ့ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ ရေကြီးရေလျှံမှုကာကွယ်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်း ဆွေးနွေးခဲ့ကြ၍ ပြည်သူများ ရေဘေးအန္တရာယ်မှ ကာကွယ်ရေးနှင့် ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေး ပူးပေါင်းဆောင်ရွက်ရန် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းဆောင်ရွက်သည်။
တနင်္သာရီ မြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူများသည် ယာယီကယ်ဆယ်ရေးစခန်း(၁၀)ခုတွင် အိမ်ထောင်စု(၃၆၉)စု လူဦးရေ(၁၇၇၁)ဦး ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြပြီး အနိမ့်ပိုင်းဒေသများရှိ စာသင်ကျောင်း(၁၉)ကျောင်းကိုလည်း ယာယီပိတ်ထားရကြောင်း တနင်္သာရီမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ သိရသည်။
ခိုင်ထူး
https://t.me/MyanmarNationalPost