
နေပြည်တော် ၊ အောက်တိုဘာ ၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိဖူဆယ်အားကစားပြိုင်ပွဲရုံ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီ နာယက နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ၊ အားကစားဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ယနေ့ကျင်းပသည့် မြို့နယ်ပေါင်းစုံ ဖူဆယ်ပြိုင်ပွဲသည် နေပြည်တော်ဖူဆယ်အားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ ဖူဆယ် အားကစားသမားများ အချင်းချင်းရင်းနှီးချစ်ကြည်မှု ပိုမိုရရှိစေရေး၊ လူငယ်များ ဖူဆယ်အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေရေးအတွက် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ကြောင်း၊ ဖူဆယ်အားကစားနည်းသည် နည်းစနစ်ကိုအခြေခံပြီး တစ်ဦးချင်း ကျွမ်းကျင်မှု၊ လျင်မြန်ဖျတ်လတ်မှု၊ သက်လုံနှင့်ကြံ့ခိုင်မှုတို့ ပြည့်၀ဖို့ လိုသည့်အပြင် တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိရှိ အပေးအယူမျှမျှနှင့် ယှဉ်ပြိုင်ကစားရတဲ့ အားကစားနည်းဖြစ်တာကြောင့် တစ်ဦးချင်းရော အသင်းအလိုက်ပါ စုစည်းညီညွတ်ဖို့ လိုအပ်ကြောင်း၊ အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြပြီး မိမိတို့အသင်း အနိုင်ရရှိရေး စွမ်းစွမ်းတမံကြိုးစားယှဉ်ပြိုင်ကြရန်နှင့် နိုင်ငံတော်မှ အားထားရမယ့် နိုင်ငံ့ဂုဏ်ဆောင်၊ နေပြည်တော်ဂုဏ်ဆောင် ဖူဆယ်လက်ရွေးစင် အားကစားသမားကောင်းများဖြစ်လာအောင် ကြိုးစားသွားကြပါလို့ တိုက်တွန်းမှာကြား ပြီး ၂ဝ၂၆ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄)ချက်ကို ရွတ်ဆို ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများနှင့် ဒိုင်အဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အသက် (၂၅) နှစ်အောက် ဖူဆယ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ဇမ္ဗူသီရိမြို့နယ်အသင်းနှင့် တပ်ကုန်းမြို့နယ်အသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ရာ ဇမ္ဗူသီရိမြို့နယ် ဖူဆယ်အသင်းမှ တပ်ကုန်းမြို့နယ် ဖူဆယ်အသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
သျှင်ဦးမောင်(ဒက္ခိဏ)
https://t.me/MyanmarNationalPost