Myanmar National Post

မြစ်သားမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁)နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်‌ကျွေးပေးခြင်းများ ဆောင်ရွက်



မြစ်သား ,စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများမှ မြို့ပေါ် ၆ ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ ၁ နှစ်ခွဲအောက် ကလေးငယ်များအား စက်တင်ဘာ ၅ ရက် နံနက် ၉ နာရီက လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်‌ကျွေးပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးခန်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးများ ထိုးနှံတိုက်‌‌ကျွေးပေးရာတွင် မြို့ပေါ်  ၆ ရပ်ကွက်ရှိ မွေးကင်းစမှ ၁ နှစ်ခွဲအောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ) ပိုး၊ ဦးနှောက်အမေးရောင်ငါးမျိုးစပ်ကာကွယ်ဆေးနှင့် ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဂျီ)နှင့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ် ဆေးများကို အသက်အရွယ် အပိုင်းအခြားအလိုက် ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။ 

မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမတို့က ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ ၁ နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်သတ်မှတ်ရက်များတွင် ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံတိုက်ကျွေး ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post