
အီရန်အစိုးရအတွက် အရေးပါသည့် ဘဏ္ဍာလမ်းကြောင်းများကို ဖြတ်တောက်ပစ်ရန် ရည်ရွယ်သည့် နောက်ဆုံးအဆင့် အရေးယူမှုအဖြစ် တူရကီဘဏ်တစ်ခုကို ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန်အစိုးရက စက်တင်ဘာ ၄ ရက်တွင် ကြေညာခဲ့သည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပိတ်ဆို့အရေးယူမှုတွင် တူရကီနိုင်ငံ အစ္စတန်ဘူမြို့အခြေစိုက် Golden Global Investment Bank နှင့် ၎င်းနှင့်ဆက်နွယ်သည့် အဖွဲ့အစည်းများ ပါဝင်သည်။ ၂၀၁၉ ခုနှစ်က တူရကီနိုင်ငံ၏ ပထမဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ်အဖြစ် ထိုဘဏ်ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။
အီရန်ကို နိုင်ငံတကာကုန်သွယ်ဖက်များနှင့် ပိုမိုကင်းကွာစေရန် ရည်ရွယ်သည့် အမေရိကန်၏ “Operation Economic Outcast” စီမံချက်အရ အရေးယူခြင်းဖြစ်ပြီး အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက Golden Global Investment Bank နှင့် ၎င်းနှင့်ဆက်နွယ်သည့် အဖွဲ့အစည်းများသည် အီရန်၏ ရေနံရောင်းချမှုမှ ရရှိသည့် ဝင်ငွေများကို တရုတ်မှ တူရကီသို့ လွှဲပြောင်းပေးရန် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ၊ ထိုငွေများ တူရကီသို့ ရောက်ရှိပြီးနောက် ငွေသားနှင့် ရွှေအဖြစ် ပြောင်းလဲနိုင်ရန် စီစဉ်ပေးခဲ့ကြောင်း ၊ အဆိုပါဘဏ်သည် အီရန်၏ ရေနံရောင်းချမှုမှရရှိသည့် ဝင်ငွေများကို လမ်းကြောင်းပြောင်းပေးခဲ့မှုကြောင့် ၂၀၂၂ ခုနှစ်ကတည်းက အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခံထားရသူများ အပါအဝင် အီရန်ဘဏ္ဍာရေးအဖွဲ့အစည်းများကို ဘဏ်ဝန်ဆောင်မှုများ ပေးအပ်ခဲ့ကြောင်း စွပ်စွဲထားသည်။
“နောက်ထပ်ဘဏ်တွေကို ပိတ်ဆို့ဖို့ မလိုတော့ဖို့မျှော်လင့်ပါတယ်။ ဒါကလည်း အီရန်အစိုးရကို ထောက်ခံနေမှုတွေ နိုင်ငံတကာအသိုင်းအဝိုင်းက ဘယ်လောက်မြန်မြန် ရပ်တန့်မလဲဆိုတာပေါ် မူတည်တယ်” ဟု ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆင့်က ပြောကြားခဲ့သည်။
အမေရိကန်အစိုးရသည် အီရန်နှင့် ဆက်လက်ကုန်သွယ်နေသည့် အဓိကကုန်သွယ်ဖက်နိုင်ငံများကို ပိတ်ဆို့အရေးယူရန် ယခင်က တွန့်ဆုတ်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အရေးယူမှုများ ပိုမိုပြုလုပ်လာသည်။
ပြီးခဲ့သည့် သီတင်းပတ်တွင်လည်း အီရန်နှင့် စီးပွားရေးဆက်လက်လုပ်ကိုင်နေသည့် အီဂျစ်ဘဏ်တစ်ခု၏ ယူအေအီးနိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက်မှုများကို ကန့်သတ်ရန် ဆောင်ရွက်ခဲ့ပြီး ဘဏ်ကို တိုက်ရိုက်ပိတ်ဆို့ အရေးယူမှုတော့ မပြုလုပ်သေးပေ။
Ref: AP