
ကမ္ဘာကျော် နိုင်ငံတကာသတင်းတင်ဆက်သူဖြစ်သည့် CNN သတင်းဌာနမှ ခရစ္စတီယန်အမာန်ပူးသည် သတင်းနယ်ပယ်တွင် ၄၃ နှစ်ကြာ လုပ်ကိုင်ခဲ့ပြီးနောက် CNN မှ ထွက်ခွာတော့မည်ဖြစ်သည်။
အစပိုင်းတွင် လက်ထောက်ဝန်ထမ်းအဖြစ် အလုပ်ဝင်ခဲ့သည့် အမာန်ပူးသည် နောက်ပိုင်းတွင် ကမ္ဘာတစ်ဝန်း လူသိများသည့် သတင်းထောက်နှင့် သတင်းတင်ဆက်သူတစ်ဦး ဖြစ်လာခဲ့သည်။
၎င်းသည် ဆယ်စုနှစ်များစွာအတွင်း စစ်ပွဲဖြစ်ပွားရာဒေသများနှင့် ပဋိပက္ခပြင်းထန်သည့် နေရာများမှ သတင်းများကို သတင်းပေးပို့ခဲ့သူဖြစ်သည်။
အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်သည့် အမာန်ပူးသည် ၂၀၂၇ ခုနှစ် အစပိုင်းမှစ၍ CNN International တွင် နေ့စဉ်ထုတ်လွှင့်နေသည့် ၎င်း၏ “Amanpour” အစီအစဉ်ကို တစ်ပတ်လျှင် တစ်ကြိမ်သာ ထုတ်လွှင့်တော့မည်ဖြစ်ကာ အစီအစဉ်ကို မေတွင်အဆုံးသတ်ပြီး ဇွန်တွင် CNN မှ ထွက်ခွာမည်။
အမာန်ပူးက အနာဂတ်တွင် စိတ်ဝင်စားဖွယ်ကောင်းသည့် စီမံကိန်းအသစ်များ လုပ်ကိုင်ရန် မျှော်လင့်နေကြောင်း ပြောသည်။
PBS ရုပ်သံလိုင်းတွင် တင်ဆက်နေသည့် “Amanpour & Co” အစီအစဉ်ကိုလည်း ယခုနှစ်ကုန်တွင် ရပ်နားမည်ဖြစ်သည်။
သို့သော် အမေရိကန်သံတမန်ဟောင်း ခင်ပွန်းဟောင်း ဂျေမီရူဘင်နှင့်အတူ တင်ဆက်နေသည့် “The Ex Files” ပေါ့ဒ်ကတ်အစီအစဉ်ကို ဆက်လက်လုပ်ကိုင်သွားမည်ဟု ဆိုသည်။
CNN မှ ထွက်ခွာသော်လည်း CNN သတင်းဌာနကို ဆက်လက်အားပေးသွားမည်ဖြစ်ပြီး လွတ်လပ်သည့် သတင်းစာပညာ၏ အစဉ်အလာကို ထိန်းသိမ်းသွားရန် မျှော်လင့်ကြောင်း အမာန်ပူးက ပြောသည်။
CNN မှ ထွက်ခွာရသည့် အကြောင်းရင်းကိုမူ မပြောပေ။
သို့သော် ၎င်းထွက်ခွာမည့်အချိန်သည် CNN ကို ပိုင်ရှင်အသစ်ဖြစ်သည့် Skydance က ထိန်းချုပ်လာသည့်ကာလနှင့် တိုက်ဆိုင်နေသည်။
Skydance အပိုင် Paramount က Warner Bros. Discovery ကို အမေရိကန်ဒေါ်လာ ၈၁ ဘီလျံဖြင့် ဝယ်ယူသည့် သဘောတူညီချက်ကို အောက်တိုဘာ ၆ ရက်တွင် အပြီးသတ်ခဲ့သည်။
ယင်းပေါင်းစည်းမှုကြောင့် ရုပ်သံသတင်းနယ်ပယ်တွင် အရှိန်အဝါကြီးသည့် CBS နှင့် CNN တို့ ကုမ္ပဏီတစ်ခုတည်းအောက်သို့ ရောက်လာခဲ့သည်။
အမာန်ပူးသည် ၁၉၈၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ အတ္တလန်တာမြို့ရှိ CNN ရုံး၌ လက်ထောက်ဝန်ထမ်းအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။
ခုနစ်နှစ်အကြာတွင် သတင်းထောက်နှင့် နိုင်ငံတကာသတင်းထောက်အဖြစ် တာဝန်ယူခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ပင်လယ်ကွေ့စစ်ပွဲ ၊ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများအပါအဝင် အခြားအရေးကြီးသည့် စစ်ဖြစ်ပွားရာဒေသများမှ သတင်းများကို တင်ဆက်ရင်း ကျော်ကြားလာခဲ့သည်။
အမာန်ပူးသည် ၂၀၂၁ ခုနှစ်တွင် သားဥအိမ်ကင်ဆာဖြစ်ကြောင်း စစ်ဆေးသိခဲ့ရမှုနှင့် နောက်ပိုင်းတွင် ရောဂါနှစ်ကြိမ် ပြန်ဖြစ်ပွားခဲ့မှုတို့ကို လူသိရှင်ကြား ပြောခဲ့ဖူးသည်။
Photo: CNN