
ရိုဒရီဂို ဒူတာတေး၏သမီး ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာဒူတာတေးသည် သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာ၊ သမ္မတကတော်နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်းတို့ကို ခြိမ်းခြောက်ပြောဆိုခဲ့မှုများဖြင့် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် စက်တင်ဘာ ၅ ရက်တွင် အာမခံဖြင့် ပြန်လွတ်မြောက်လာသည်။
ဒူတာတေးသည် တရားစွဲဆိုခံထားရမှု သုံးမှုအတွက် တစ်မှုလျှင် ပီဆို ၁၂၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၉၀၀ ခန့်) စီ အာမခံပေးဆောင်ခဲ့ရသည်။ ထိုအမှုများအပြင် ဆာရာဒူတာတေးသည် ဖိလစ်ပိုင်အထက်လွှတ်တော်တွင် စွပ်စွဲပြစ်တင်မှုဆိုင်ရာ စစ်ဆေးမှုနှင့်လည်း ရင်ဆိုင်နေရသည်။ ထိုစစ်ဆေးမှုတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပါက ဒုတိယသမ္မတရာထူးမှ ဖယ်ရှားခံရနိုင်သည့်အပြင် ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပါ ထိခိုက်စေနိုင်သည်။
ဒူတာတေးနှင့် မားကို့စ်တို့သည် ဖိလစ်ပိုင်နိုင်ငံရေးတွင် သြဇာကြီးမားသည့် မိသားစုနှစ်စုမှ ဆင်းသက်လာသူများဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် မဟာမိတ်ဖွဲ့ကာ ရွေးကောက်ပွဲနိုင်ခဲ့ကြသည်။ သို့သော် ၂၀၂၄ ခုနှစ်တွင် သဘောထားကွဲလွဲမှုများဖြစ်လာကာ နှစ်ဦးသား နိုင်ငံရေးမဟာမိတ်အဖြစ်မှ ပြတ်စဲသွားခဲ့သည်။
တရားရုံးအပြင်ဘက်တွင် သတင်းထောက်များနှင့်တွေ့စဉ် ဆာရာဒူတာတေးက မိမိအနေဖြင့် လုံခြုံမှုမရှိဟု ခံစားနေရပြီး အာဏာပိုင်များက အနှောင့်အယှက်ပေးနေသည်ဟု စွပ်စွဲခဲ့သည်။ အမှုက သမ္မတမားကို့စ်၊ သမ္မတကတော်တို့နှင့် သက်ဆိုင်နေသည့်အတွက် မိမိ၏လုံခြုံရေးကို ပိုစိုးရိမ်နေရသည်ဟုဆိုကာ
“ရဲတွေကို မယုံဘူး။ တရားရုံးတွေကိုလည်း မယုံဘူး။ ကျွန်မ လုံခြုံတယ်လို့ မခံစားရဘူး” ဟု ၎င်းကပြောသည်။
“ဒီည ကျွန်မသေသွားခဲ့ရင် ဘယ်သူက တာဝန်ယူမှာလဲ။ ရဲတွေက မတော်တဆမှုလို့ပဲ သတ်မှတ်လိုက်ကြမှာ” ဟုလည်း ဆာရာဒူတာတေးက ပြောခဲ့သည်။
၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာတွင်ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ဆာရာဒူတာတေးက မိမိလုပ်ကြံခံရပါက သမ္မတ မားကို့စ်၊ ၎င်း၏ဇနီးနှင့် ထိုစဉ်က အောက်လွှတ်တော်ဥက္ကဋ္ဌ မာတင် ရိုမူအယ်လ်ဒက်ဇ်တို့ကို လုပ်ကြံရန် အခြားလူတစ်ဦးကို ခိုင်းထားပြီးပြီဟု ခြိမ်းခြောက်ပြောဖူးသည်။
Ref: AP