
အမေရိကန်အစိုးရနှင့် ဗင်နီဇွဲလားရေနံကိစ္စ ရေရှည်သဘောတူညီချက်ရအောင် ကြားဝင်ဆောင်ရွက်ပေးခဲ့သည့် ဗင်နီဇွဲလားဘီလျံနာ အလက်ဟန်ဒရို ဘက်တန်ကော့သည် အစိုးရပိုင်ရေနံကုမ္ပဏီ PDVSA ထံမှ ရန်ပုံငွေများ အလွဲသုံးစားလုပ်ခဲ့မှုနှင့်ပတ်သက်၍ အမေရိကန်က စုံစမ်းစစ်ဆေးခဲ့သူဖြစ်ကြောင်း သိရသည်။
သမ္မတဟောင်း နီကိုလပ်စ် မာဒူရိုကို ဖမ်းဆီးသည့်စစ်ဆင်ရေးမတိုင်မီ အမေရိကန်အာဏာပိုင်များကို ကူညီပေးခဲ့ပြီးနောက် ဘက်တန်ကော့သည် အမေရိကန်၏ အဓိကမိတ်ဖက်တစ်ဦး ဖြစ်လာခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်က ထုတ်ပြန်ချက်အရ အမေရိကန်သည် ဗာနီဇွဲလားရေနံစိမ်း အရန်ပမာဏ၏ ငါးပုံတစ်ပုံခန့်ကို ဆယ်စုနှစ်များစွာ ရယူသုံးစွဲခွင့် ရရှိမည်။ ပင်တဂွန်၏ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုရုံးက ဗင်နီဇွဲလားတွင် ရေနံစိမ်းထုတ်လုပ်သည့် ဘက်တန်ကော့၏ North American Blue Energy Partners ကုမ္ပဏီတွင် ရှယ်ယာ ၃၅ ရာခိုင်နှုန်း ရယူလိုက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ထိုကုမ္ပဏီထွက် ရေနံထုတ်လုပ်မှု စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကို မူလစရိတ်အတိုင်း ဝယ်ယူခွင့်၊ ကျန် ၈၀ ရာခိုင်နှုန်းကိုလည်း အခြားသူများထက် ဦးစားပေးဝယ်ယူခွင့် ရရှိမည်ဖြစ်သည်။
ဗင်နီဇွဲလားဆိုင်ရာ အမေရိကန်မူဝါဒနှင့် စီမံချက်များကို သိရှိသူလေးဦး၏ အဆိုအရ ဘက်တန်ကော့သည် မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှု စွဲချက်များဖြင့် မာဒူရိုကို ဖမ်းဆီးလိုက်သည့် ဇန်နဝါရီ ၃ ရက် စစ်ဆင်ရေးမတိုင်မီ အမေရိကန်၏ မဟာဗျူဟာနှင့် စီမံကိန်းရေးဆွဲမှုများတွင် အဓိကနေရာမှ ပါဝင်ခဲ့သည်။
အမည်မဖော်လိုသည့် အမေရိကန်အစိုးရ အရာရှိတစ်ဦးက ငွေမည်းခဝါချမှု စစ်ဆေးမှုဆိုသည်မှာလည်း လွန်ခဲ့သည့် ဆယ်နှစ်နီးပါးကဖြစ်ပြီး လက်ရှိတွင် အမေရိကန်၌ ဘက်တန်ကော့အပေါ် အရေးယူမှုမရှိထားဟုပြောသည်။
ယခုနှစ် ဇန်နဝါရီအတွင်း ၎င်းက အရေးပါသည့် ရေနံကုန်သွယ်ရေး သဘောတူညီချက်တစ်ခုကိုလည်း ကြားဝင်ဆောင်ရွက်ပေးခဲ့ပြီး ယင်းသဘောတူညီချက်မှတစ်ဆင့် ရေနံစိမ်းနှင့် ရေနံထွက်ကုန်စည်ပေါင်း ၁၃၅ သန်းကျော်ကို အမေရိကန်၊ ဥရောပ၊ အိန္ဒိယနှင့် ကာရေဘီယံဒေသများသို့ တင်ပို့ခဲ့သည်။ ဘက်တန်ကော့သည် အမေရိကန်၊ စပိန်နှင့် ဆွစ်ဇာလန်တို့တွင်လည်း စုံစမ်းစစ်ဆေးခံခဲ့ရသည်။
Ref: Reuters