Eleven Media Group

အဲဗာတန်နဲ့ သရေကျတာ ရှုံးနိမ့်သလိုခံစားရတယ်လို့ ကာရစ်ပြောကြား

Photo: X

မန်ယူအသင်းရဲ့နည်းပြ ကာရစ်က အဲဗာတန်နဲ့ သရေကျတာကို ရှုံးနိမ့်သလို ခံစားရတယ်လို့ ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းအနေနဲ့ အဲဗာတန်နဲဲ့ပွဲမှာ (၂-၁)ဂိုးနဲ့ အနိုင်ရဖို့ နီးစပ်ခဲ့ပေမဲ့ ပွဲပြီးခါနီးမှာ အဲဗာတန်အသင်းက ချေပဂိုး ပြန်သွင်းသွားခဲ့တာပါ။
''ကျွန်တော်တို့ အရမ်းစိတ်ပျက်ခဲ့ရပါတယ်။ ကျွန်တော်တို့ ဦးဆောင်ခွင့်နှစ်ကြိမ်ရရှိခဲ့ပြီး နိုင်ပွဲနဲ့ အဆုံးသတ်နိုင်ဖို့ အရမ်းနီးစပ်ခဲ့ပေမဲ့ ဖြစ်မလာခဲ့ပါဘူး။ ဒါက ရှုံးပွဲတစ်ပွဲလို ခံစားရပါတယ်'' လို့ ကာရစ်က ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းဟာ ရာသီအဖွင့်(၃)ပွဲမှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်နဲ့ (၄)မှတ်သာ ရယူနိုင်ခဲ့တာကြောင့် ပွဲစဉ်(၃)အပြီးမှာ အမှတ်ပေးဇယားအဆင့်(၁၁)နေရာ ရောက်ရှိနေခဲ့ပါတယ်။
ကာရစ်ကတော့ အသင်းအနေနဲ့ တိုးတက်မှုရှိဖို့ လိုအပ်နေသေးတာမှန်ပေမဲ့ ဆိုးရွားတဲ့စတင်မှုမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အဲဗာတန်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကိုလည်း ချီးကျူးခဲ့ပါတယ်။
မန်ယူအသင်းဟာ လာမယ့်ကြာသပတေးနေ့မှာ အဇာဘိုင်ဂျန်ကလပ် ဆာဘာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group