
ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ်က မန်ယူနည်းပြရာထူးအတွက် မေးမြန်းမှုကို ဖြေဆိုရန် ငြင်းဆန်ခဲ့ပြီး လက်ရှိနည်းပြ ကာရစ်ကို လေးစားမှုရှိရမည်ဟု တုံ့ပြန်ခဲ့ကြောင်း သိရသည်။
ကိုမိုနှင့် မန်ယူအသင်းသည် ယနေ့ည မြန်မာစံတော်ချိန် (၁၁း၁၅)နာရီတွင် အီတလီမြေ၌ ချန်ပီယံလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အသင်းနှစ်သင်းကြား ပထမဆုံးဆုံတွေ့မှုဖြစ်သည်။
ကိုမိုနည်းပြ ဖာဘရီဂတ်စ်နှင့် မန်ယူနည်းပြ ကာရစ်တို့မှာမူ ကစားသမားဘဝတွင် ဆုံတွေ့ခဲ့ဖူးသူများဖြစ်ပြီး နောက်ဆုံးဆုံတွေ့ခဲ့သည်မှာ ၂၀၀၈-၀၉ ရာသီ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် (၁၇)နှစ်အကြာ၌ နည်းပြအဖြစ် ပြန်လည်ရင်ဆိုင်ရခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဖာဘရီဂတ်စ်မှာ မန်ယူအသင်း၏ နည်းပြသစ်လျာထားစာရင်းထဲ ပါဝင်နေကြောင်းလည်း သတင်းထွက်နေသည်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ကာရစ်၏ မန်ယူနည်းပြရာထူးကို ရယူဖွယ်ရှိသလားဟု မေးမြန်းခဲ့ရာ ''ဒီမေးခွန်းကို ကျွန်တော် မဖြေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက မေးသင့်တဲ့ မေးခွန်း မဟုတ်ဘူးလို့ ထင်ပါတယ်။ မိုက်ကယ်ကာရစ်လို မန်ယူအသင်းမှာ ထိပ်တန်းကစားသမားတစ်ယောက်၊ ထိပ်တန်းနည်းပြတစ်ယောက် ဖြစ်ခဲ့သူကို လေးစားမှုမရှိရာ ရောက်စေနိုင်ပါတယ်'' ဟု ဖာဘရီဂတ်စ်က တုံ့ပြန်ခဲ့သည်။
ထို့ပြင် ဖာဘရီဂတ်စ်က လက်ရှိအချိန်၌ မန်ယူအသင်း အခက်ကြုံနေသည်ဆိုခြင်းကိုလည်း မယုံကြည်ကြောင်း ပြောကြားခဲ့သည်။
'' ဘောလုံးမှာ အခက်ကြုံတယ်ဆိုတာကို ကျွန်တော် မယုံကြည်ပါဘူး။ (၃)ရက်ကို တစ်ပွဲနှုန်းလောက် (၁၁)ယောက်ချင်း ကစားနေရချိန်မှာ အကောင်းဆုံးစွမ်းဆောင်နိုု်င်ဖို့ လိုပါတယ်။ အကျပ်အတည်းဆိုတာ ခင်ဗျားတို့ ဂျာနယ်လစ်တွေက သုံးနှုန်းနေတာပါ။ ကျွန်တော်တို့က ပရော်ဖက်ရှင်နယ်တွေပါ။ မွေးလာကတည်းက ယှဉ်ပြိုင်ချင်နေကြတာပါ'' ဟု ဖာဘရီဂတ်စ်က ပြောကြားခဲ့သည်။