
ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရတဲ့ လိဂ်ချန်ပီယံရှစ်ကလပ် ဘန်လေအသင်းဟာ ၀ါရင့်အင်္ဂလန်တိုက်စစ်မှူး ဂျေမီဗာဒီကို ရာသီကုန်အထိ စာချုပ်ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
အသက်(၃၉)နှစ်ရှိပြီဖြစ်တဲ့ ဗာဒီဟာ ပြီးခဲ့တဲ့ရာသီမှာ စီးရီးအေကလပ် ခရီမိုနီဆီအသင်းအတွက် ယှဉ်ပြိုင်ကစားခဲ့ပြီး ရာသီကုန်ချိန်မှာ အသင်းတန်းဆင်းခဲ့ရတာကြောင့် လမ်းခွဲခဲ့တာပါ။
ဗာဒီဟာ လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြခဲ့သူဖြစ်ပြီး ၂၀၁၉-၂၀ ရာသီမှာ ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုကိုလည်း သွင်းဂိုး(၂၃)ဂိုးနဲ့ ရယူနိုင်ခဲ့ပါတယ်။
ဗာဒီက ကစားသမားဘဝက အနားယူဖို့ ဆန္ဒမရှိသေးတာကြောင့် ဘန်လေအသင်းနဲ့အတူ လိဂ်ချန်ပီယံရှစ်မှာ ယှဉ်ပြိုင်ကစားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
''ဘန်လေအသင်းကို ရောက်ရှိတဲ့အတွက် ကျွန်တော် တကယ်ပျော်ရွှင်ပါတယ်။ ကွင်းထဲဝင်ပြီး အသင်းကို အကူအညီပေးဖို့ ကျွန်တော် မစောင့်နိုင်တော့အောင်ပါပဲ'' လို့ ဗာဒီက ပြောကြားခဲ့ပါတယ်။
ဘန်လေအသင်းဟာ လိဂ်ချန်ပီယံရှစ် ပွဲစဉ်(၅)အပြီးမှာ နိုင်ပွဲမရသေးဘဲ နှစ်ပွဲသရေ၊ သုံးပွဲရှုံးရလဒ်နဲဲ့ အမှတ်ပေးဇယားအောက်ဆုံးရောက်နေကြောင်း သိရပါတယ်။