Myanmar National Post

တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေများဝင်ရောက်


တာချီလိတ်, စက်တင်ဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် စက်တင်ဘာလ ၆ ရက်နေ့ ညပိုင်းအချိန်မှစ၍ မိုးများသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တောင်ကျရေများစီးဆင်းကာ မြို့ပေါ်ရပ်ကွက်အချို့ရှိ မြေနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေများစီးဝင်လာမှုကြောင့် စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက တာလော့ရပ်ကွက်ရှိ လမ်းအချို့၊ မြန်မာ-ထိုင်းအမှတ် (၁)ချစ်ကြည်ရေးတံတားအနီး၊ ဆန်ဆိုင်း (က)ရပ်ကွက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမရှိ နဂါးနှစ်ကောင်ကျောင်းရှေ့၊ ပုန်းထွန်ရပ်ကွက်နှင့် မယ်ခေါင်ရပ်ကွက်ရှိ လမ်းအချို့တို့တွင် ရေဝင်ရောက်ခဲ့သဖြင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ယာယီသွားလာရေး အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ ပုန်းထွန်ဇလဗေဒတိုင်းတာရေးစခန်း၏ စက်တင်ဘာလ ၇ ရက်၊ နံနက် ၉ နာရီ တိုင်းထွာချက်အရ မယ်ဆိုင်ချောင်းရေမှတ် ၄၆၄ စင်တီမီတာသို့ရောက်ရှိကာ စိုးရိမ်ရေမှတ် (အထက်) ၇၄ စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး ညနေ ၄ နာရီ တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်(အောက်) ၁၈ စင်တီတာသို့ ရေများပြန်လည်ကျဆင်းလာခြင်းကြောင့် မြေနိမ့်ပိုင်းရပ်ကွက်ရှိ လမ်းအချို့တွင်သာ ရေများကျန်ရှိတော့ကြောင်း သိရသည်။

အဆိုပါ ရေကြီးရေလျှံမှုအခြေအနေများကို နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာမျိုး၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့် သက်ဆိုင်ရာဌာနများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည့်ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးအစီအမံများကို အသင့်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ကျော်ဇေယျာလင်း

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post