
ပင်လယ်ကွေ့နိုင်ငံများသည် မိမိတို့၏ လုံခြုံရေးအတွက် အမေရိကန်နှင့် အခြားနိုင်ငံတကာမဟာမိတ်များကိုချည်း အားကိုး၍မရနိုင်ဘဲ မိမိလုံခြုံရေးကို မိမိဘာသာလုပ်ရန် လိုအပ်သည်ဟု ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာဂျက်အယ်အန်ဆာရီက စက်တင်ဘာ ၇ ရက်တွင် အဘူဒါဘီမြို့၌ ပြောကြားခဲ့သည်။
“ဒေသတွင်းမှာ နိုင်ငံတကာတပ်ဖွဲ့တွေရှိနေတာ၊ အမေရိကန်နဲ့မဟာဗျူဟာမြောက် မဟာမိတ် ဖွဲ့ထားတာတို့ဟာ အလွန်အရေးကြီးတယ်ဆိုတာကို ပင်လယ်ကွေ့ဒေသမှာ သဘောပေါက်ဖို့အပ်ပါတယ်။ ဒါပေမဲ့အဲဒါဟာမလုံလောက်ပါဘူး"ဟု သူက အဘူဒါဘီတွင်ပြုလုပ်သော Hili Forum တွင် ပြောကြားခဲ့သည်။
"လုံခြုံရေးနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကိုယ့်ဘာသာကိုယ်လုံခြုံရေး လုပ်ဆောင်တာဟာတစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ပြောရမှာပါ။ ကျွန်တော်တို့ဟာ မိတ်ဖက်တွေ လိုအပ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ရဲ့ လုံခြုံရေးအတွက် သူတို့ကိုချည်းအားကိုးလို့ မရနိုင်ပါဘူး" ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။
ကာတာနိုင်ငံသည် အမေရိကန်-အီရန်စစ်ပွဲတွင် အရေးပါသည့်ကြားဝင်စေ့စပ်ပေးသော နိုင်ငံဖြစ်ပြီး အီရန်၏ ပြင်းထန်သော တိုက်ခိုက်မှုများကို ခံနေရသည်။ ကာတာ၏ စွမ်းအင်အခြေခံအဆောက်အအုံများကို အီရန်က တိုက်ခိုက်ခဲ့သည်။
နိုင်ငံငယ်လေးဖြစ်သော်လည်း ကြွယ်ဝချမ်းသာပြီး သဘာဝဓာတ်ငွေ့ကြွယ်ဝသည့် ကာတာနိုင်ငံသည် အရှေ့အလယ်ပိုင်းတွင် အကြီးဆုံးအမေရိကန်အခြေစိုက်စခန်းကို လက်ခံထားသည်။
Photo- AFP