
အဆုတ်အတွင်းရှိ ကင်ဆာအကျိတ်ကို ခွဲစိတ်ဖယ်ရှားခဲ့သည့် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် နောက်ထပ်ကုသမှုခံယူရန် မလိုအပ်တော့ကြောင်း ၎င်း၏ဆရာဝန်အဖွဲ့က အောက်တိုဘာ ၂၁ ရက်တွင် ကြေညာခဲ့သည်။
ခွဲစိတ်ဖယ်ရှားလိုက်သည့် တစ်ရှူးများကို စစ်ဆေးမှုအရ ပုပ်ရဟန်းမင်းကြီးတွင် အဆုတ်ကင်ဆာဖြစ်ပွား နေကြောင်း အတည်ပြုနိုင်ခဲ့သည်။ သို့သော် ရောဂါကအဆုတ်အတွင်း နေရာတစ်ခုတည်းတွင်သာ ဖြစ်နေခဲ့ကြောင်း၊ ကင်ဆာရောဂါဆိုင်ရာ အကဲဖြတ်စစ်ဆေးမှုအရ နောက်ထပ်ကုသမှု မလိုအပ်တော့ကြောင်း ဗာတီကန် ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
အသက် ၇၁ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးသည် ခွဲစိတ်ကုသမှုခံယူပြီး လေးရက်အကြာ အောက်တိုဘာ ၁၇ ရက်တွင် ရောမမြို့ရှိဆေးရုံမှ ဆင်းခွင့်ရခဲ့သည်။ အောက်တိုဘာ ၁၃ ရက်က ပြုလုပ်ခဲ့သည့် မိနစ် ၉၀ ကြာ ခွဲစိတ်မှုအတွင်း ၎င်း၏ ညာဘက်အဆုတ်အောက်ပိုင်းကို ဖယ်ရှားခဲ့သည်။
မခွဲစိတ်မီ ပုပ်ရဟန်းမင်းကြီးက အဆုတ်တွင် အကျိတ်အဖုတစ်ခု တွေ့ထားကြောင်းနှင့် ခွဲစိတ်ကုသရန် လိုအပ်ကြောင်း စိန့်ပီတာ ရင်ပြင်မှနေ၍ ဆုတောင်းပွဲတက်ရောက်လာသူများကို ကိုယ်တိုင်အသိပေးခဲ့သည်။ ရောဂါကို စောစီးစွာ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းကပြောခဲ့သည်။
ပုပ်ရဟန်းမင်းကြီး၏ ရောဂါရှာဖွေတွေ့ရှိမှုနှင့် ခွဲစိတ်ကုသမှုတို့ကြောင့် နိုဝင်ဘာတွင် သွားရောက်မည့် တောင်အမေရိကခရီးစဉ်မှာ မရေမရာ ဖြစ်နေသည်။ ၎င်းသည် ဥရုဂွေး၊ အာဂျင်တီးနားနှင့် ပီရူးနိုင်ငံများသို့ ၁၂ ရက်ကြာ သွားရောက်မည်ဖြစ်ပြီး နိုဝင်ဘာ ၆ ရက်တွင် စတင်ထွက်ခွာရန် စီစဉ်ထားဆဲဖြစ်သည်။
Ref: NBC News