Eleven Media Group

နယ်စပ်ဒေသတွင် မြောက်ကိုရီးယား၏ လက်နက်အသစ်များ တပ်ဖြန့်ထားသည့် လက္ခဏာများကို မတွေ့ရသေးကြောင်း တောင်ကိုရီးယားပြောကြား

ကိုရီးယား နယ်စပ်ဒေသတစ်လျှောက်တွင် မြောက်ကိုရီးယား၏ လက်နက်အသစ်များ တပ်ဖြန့်ထားသည့် လက္ခဏာများကို မတွေ့ရသေးကြောင်း တောင်ကိုရီးယား စစ်တပ်က အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

နယ်စပ်ဒေသတွင် တုံ့ပြန်ရေးရည်ရွယ်ချက်ဖြင့် နည်းလမ်းအသစ်များကို အသင့်အနေအထား ပြင်ဆင်ထားမည်ဟု မြောက်ကိုရီးယားက ‌ပြောကြားခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် တောင်ကိုရီးယားစစ်တပ်၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

၁၉၅၃ ခုနှစ် စစ်ရပ်ဆိုင်းရေး သဘောတူညီချက်ရရှိခဲ့ပြီးနောက် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသည့် ကြားခံနယ်မြေဖြစ်သည့် စစ်မဲ့ဇုန်အတွင်း ပြီးခဲ့သည့်လက မြေမြှုပ်ပိုင်းပေါက်ကွဲမှုကြောင့် တောင်ကိုရီးယားစစ်သားသုံးဦး ဒဏ်ရာရရှိခဲ့ကာ ထိုဖြစ်စဉ်အတွက် မြောက်ကိုရီးယားတွင် တာဝန်ရှိကြောင်းနှင့် တောင်းပန်ရန် တောင်ကိုရီးယားက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားကမူ ထိုဖြစ်စဉ်နှင့် ပတ်သက်မှုမရှိကြောင်း ငြင်းဆိုခဲ့ပြီး တောင်းပန်ခိုင်းမှုကိုလည်း ပယ်ချခဲ့သည်။

မြောက်ကိုရီးယားသည် အောက်တိုဘာ ၁၉ ရက်တွင် နယ်စပ်ဒေသတစ်လျှောက် အခြေအနေများကို စိုးရိမ်စရာကောင်းကြောင်း ပြောကြားခဲ့ပြီး ယင်းနယ်စပ်ဒေသတစ်လျှောက် နည်းဗျူဟာမြောက် တိုက်ခိုက်ရေး နည်းလမ်းများ ဖြန့်ကြက်ရန် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ရက်ပိုင်းအတွင်း နယ်စပ်တစ်လျှောက်၌ အသံချဲ့စက်များကို အသင့်ပြင်ထားမည်ဖြစ်ပြီး အသေးစိတ် မဖော်ပြထားသော တုံ့ပြန်မှုဆိုင်ရာ နည်းလမ်းအသစ်များကိုလည်း အသင့်အနေအထား ချမှတ်ထားကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ ဩဇာအာဏာရှိသော ညီမဖြစ်သူ ကင်ယိုဂျုံက အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ကင်ယိုဂျုံက နယ်စပ်သို့ သွားရောက်ကြည့်ရှုခဲ့ပြီးနောက် မြောက်ကိုရီးယားအနေဖြင့် တပ်ဖွဲ့ယူနစ်အသစ်များကို ပစ်ခတ်နိုင်သည့် စခန်းနေရာများသို့ ရွှေ့ပြောင်းနေရာချထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုရီးယားနှစ်နိုင်ငံစလုံးသည် ၎င်းတို့ ထိစပ်နေသော နယ်စပ်မျဉ်းတစ်လျှောက်တွင် ဝါဒဖြန့်ချိရေး အသံချဲ့စက်များဖြင့် အပြန်အလှန် ထုတ်လွှင့်ခြင်းနှင့် အခြားသော စိတ်ဓါတ်စစ်ဆင်ရေး နည်းလမ်းများကို အသုံးပြုလေ့ရှိကြသည်။

သို့သော် မြောက်ကိုရီးယားဘက်မှ လက်နက်အသစ်များ တပ်ဖြန့်ထားသည့် လက္ခဏာကို ယခုအချိန်အထိ မတွေ့ရှိရသေးကြောင်း တောင်ကိုရီးယားစစ်တပ်က အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

"မြောက်ကိုရီးယားဟာ လက်နက်စနစ် အမျိုးအစားသစ်တွေကို တပ်ဖြန့်နေတယ်ဆိုတဲ့ လက္ခဏာမျိုး ကျွန်တော်တို့ လေ့လာတွေ့ရှိရခြင်း မရှိသေးပါဘူး။ဒါပေမဲ့လည်း သူတို့ရဲ့ ပြောဆိုချက်တွေကြောင့် ကျွန်တော်တို့အနေနဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်လေ့လာနေပါတယ်" ဟု ပူးတွဲစစ်ဦးစီးချုပ်များရုံး ပြောရေးဆိုခွင့်ရှိသူ ဂျန်ဒိုယန်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group