
Facebook ၊ Instagram နှင့် WhatsApp တို့ကို ပိုင်ဆိုင်သည့် Meta ကုမ္ပဏီသည် သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များကို ကိုင်တွယ်အသုံးပြုပုံနှင့်ပတ်သက်၍ အများပြည်သူကို နှစ်ပေါင်းများစွာ လိမ်လည်ခဲ့သည်ဆိုသည့် စွဲချက်ဖြင့် အောက်တိုဘာ ၂၁ ရက်တွင် အမေရိကန်ဒေါ်လာ ၂၅ ဘီလျံ ဒဏ်ရိုက်ခံခဲ့ရသည်။
နယူးမက္ကဆီကိုပြည်နယ်၏ တရားသူကြီးတစ်ဦးက ယခုနှစ်အစောပိုင်းတွင် နှစ်ပတ်ကြာ ကြားနာစစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် Meta ကို ဒေါ်လာ ၂၅ ဘီလျံပေးဆောင်ရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။ ယင်းပမာဏသည် Meta ကုမ္ပဏီအပေါ် ယနေ့ထိချမှတ်ခဲ့သည့် ဒဏ်ငွေများအနက် အများဆုံးဖြစ်သည်။
ယခုအမှုသည် Meta ကုမ္ပဏီအဖြစ် အမည်မပြောင်းလဲမီ Facebook အမည်ဖြင့် လုပ်ငန်းလည်ပတ်စဉ် ဖြစ်ပွားခဲ့သည့် Cambridge Analytica အရှုပ်တော်ပုံနှင့် ဆက်စပ်နေသည်။ နိုင်ငံရေးအကြံပေးလုပ်ငန်း လုပ်ကိုင်သည့် Cambridge Analytica သည် Facebook သုံးစွဲသူ သန်းပေါင်းများစွာ၏ အချက်အလက်များကို ရယူအသုံးပြုခဲ့ပြီး ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲနှင့် ဆက်စပ်သည့် အလုပ်များတွင်လည်း အသုံးချခဲ့သည်။
Meta အမှုဆောင်အရာရှိများက သုံးစွဲသူများ၏ ခွင့်ပြုချက်မရှိဘဲ ကိုယ်ရေးအချက်အလက်များကို ပြင်ပအဖွဲ့အစည်းများထံ မျှဝေပေးခြင်း ၊ အသုံးပြုခွင့်ပေးခြင်း မရှိခဲ့ကြောင်း နှစ်ပေါင်းများစွာ ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် ထိုသို့မဟုတ်ကြောင်း နယူးမက္ကဆီကိုပြည်နယ် ရှေ့နေများက စွပ်စွဲခဲ့သည်။ ပြည်နယ်တစ်ခုလုံးရှိ လူဦးရေနှစ်သန်းခန့်သည် Meta ၏ အချက်အလက်ထိန်းချုပ် ကိုင်တွယ်ပုံဆိုင်ရာ မရိုးသားမှုများကြောင့် ထိခိုက်ခဲ့ကြောင်းလည်း ၎င်းတို့ကပြောသည်။
တရားသူကြီး ဖရန်စစ် မက်သယူးက Meta ၏ ဥပဒေချိုးဖောက်မှုများသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ၁၁ နှစ်ကျော် ကြာမြင့်ခဲ့ကြောင်း ၎င်း၏အမိန့်စာတွင် ဖော်ပြခဲ့သည်။
Meta ၏ရှေ့နေချုပ် စီဂျေမဟိုနီကမူ ယခုစီရင်ချက်ကြောင့် နယူးမက္ကဆီကို ပြည်နယ်အတွင်း စီးပွားရေး လုပ်ကိုင်ရန် မဖြစ်နိုင်သလောက် ဖြစ်သွားပြီဟုဆိုကာ အွန်လိုင်းပေါ်တွင် မည်သည့်အရာများကို ပြောဆိုနိုင်သည်ဆိုခြင်းနှင့် ပတ်သက်၍ စည်းမျဉ်းအသစ်များ ချမှတ်ရန် ကြိုးပမ်းခြင်းသည် အွန်လိုင်းပြောဆိုမှုအပေါ် အခွန်ကောက်ခံသကဲ့သို့ ဖြစ်နေကြောင်းလည်း ၎င်းကဝေဖန်ခဲ့သည်။ Meta က ယခုစီရင်ချက်ကို အယူခံဝင်မည်ဖြစ်ပြီး အနိုင်ရမည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ပြောသည်။
ပြည်နယ်ရှေ့နေများက Meta ကို ဒေါ်လာ ၄၀ ဘီလျံအထိ ဒဏ်ငွေချမှတ်ရန် တောင်းဆိုခဲ့သော်လည်း Meta ဘက်က ဒေါ်လာ ၃ ဒသမ ၄ ဘီလျံထက် ကျော်လွန်သည့် ဒဏ်ငွေသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်ဟု တုံ့ပြန်ခဲ့သည်။
Ref: BBC
Photo: AP