Eleven Media Group

အမေရိကန်နိုင်ငံအတွင်း အဆိုးရွားဆုံး ရာဇဝတ်မှုကျူးလွန်သူများစာရင်းတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအခြေချသူ ၁၂၃ ဦးအထိ ပါဝင်လာ

အမေရိကန်နိုင်ငံအတွင်း အဆိုးရွားဆုံး ရာဇဝတ်မှုကျူးလွန်သူများစာရင်းတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအခြေချ သူ ၁၂၃ ဦးအထိ ပါဝင်လာခဲ့ကြောင်း ပြည်တွင်းလုံခြုံရေးဌာန (DHS) ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

DHS သည် အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ထိန်းသိမ်းရေးဌာန (ICE) မှ ဖမ်းဆီးထိန်းသိမ်း ခဲ့သည့် အဆိုးရွားဆုံး ရာဇဝတ်မှုများကျူးလွန်သည့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ဝက်ဘ်ဆိုက်ပေါ် တွင် စုစည်းဖော်ပြထားခြင်း ဖြစ်သည်။

စက်တင်ဘာ ၆ ရက်အထိ ဖော်ပြထားသည့် စာရင်းအရ ICE ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် မြန်မာများထဲတွင် အဓမ္မပြုကျင့်မှု၊ အသက်မပြည့်သေးသူများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါးမှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှု၊ ဖောက်ထွင်းမှုများအပါအဝင် အခြားပြစ်မှုများလည်း ပါဝင်နေသည်။

အဆိုပါစာရင်းတွင် ပြစ်မှုကျူးလွန်သည့် မြန်မာရွှေ့ပြောင်းနေထိုင်သူများ ဖမ်းဆီခံရမှုအများဆုံး ပြည်နယ်များ ထဲတွင် အင်ဒီယားနားပြည်နယ် (၂၃ ဦး) ၊ မင်နီဆိုးတားပြည်နယ် (၁၈ ဦး) ၊ တက္ကဆက်ပြည်နယ် (၁၂ ဦး) ၊ နီဘရာစကာပြည်နယ် (၁၂ ဦး) အပြင် အခြားပြည်နယ်များတွင်လည်း ဖမ်းဆီးခံရသူများလည်း ပါဝင်သည်။

DHS သည် အမေရိကန်နိုင်ငံအတွင်း အဆိုးရွားဆုံး ရာဇဝတ်မှုကျူးလွန်သူများစာရင်းကို ဓာတ်ပုံနှင့်တကွ အမည်၊ ပြစ်မှုအမျိုးအစား၊ ဖမ်းဆီးခံရသည့်ပြည်နယ်တို့ကို စုစည်းဖော်ပြထားခြင်း ဖြစ်သည်။

Ref: DHS

မူရင်းသတင်း — Eleven Media Group