Eleven Media Group

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့အနေဖြင့် ဟားမာ့စ်အဖွဲ့ကဲ့သို့ တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့မည်ဆိုပါက အလုံးစုံစစ်ပွဲ ဆင်နွှဲသွားမည်ဟု အစ္စရေး ခြိမ်းခြောက်

ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (PA) အနေဖြင့် ဟားမာ့စ်အဖွဲ့ကဲ့သို့ တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့မည်ဆိုပါက အလုံးစုံစစ်ပွဲ ဆင်နွှဲသွားမည်ဟု အစ္စရေးက စက်တင်ဘာ ၇ ရက်တွင် ခြိမ်းခြောက်ခဲ့သည်။

ဂါဇာစစ်ပွဲစတင်စေခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုကို ရည်ညွှန်းပြီး အစ္စရေးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါသတိပေးချက်သည် အစ္စရေး၏ ရွေးကောက်ပွဲ ကာလအတွင်း ပဋိပက္ခကို မီးထိုးပေးရန် ကြိုးပမ်းမှု ဖြစ်ကြောင်း ပါလက်စတိုင်း အာဏာပိုင်များက ပြစ်တင်ရှုတ်ချခဲ့သည်။

ထို့ပြင် အနောက်ဘက်ကမ်းဒေသ၏ မြောက်ပိုင်းတွင် အစ္စရေး အခြေချနေထိုင်သူ တစ်ဦးကို ဓားဖြင့် တိုက်ခိုက်ခဲ့သည့် ပါလက်စတိုင်းတစ်ဦးကို အစ္စရေးစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် အကြမ်းဖက်မှု မြင့်တက်နေချိန်တွင် အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ်၏ အဆိုပါ မှတ်ချက် ထွက်ပေါ် လာခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုသည် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ သဘောဆန္ဒဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု မည်သည့် အထောက်အထားမျှ မရှိပေ။

အစ္စရေးသည် ၁၉၆၇ ခုနှစ်တည်းက အနောက်ဘက်ကမ်းကို သိမ်းပိုက်ထားခြင်းဖြစ်ပြီး မကြာသေးမီ လများအတွင်း အစ္စရေး အခြေချနေထိုင်သူများက ပါလက်စတိုင်းများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ပိုမိုမြင့်တက်လာခဲ့ပြီး ထိုတိုက်ခိုက်မှုများသည် တရားဥပဒေအရ အရေးယူခံရမှု မရှိသလောက် နည်းပါးခဲ့သည်။

"ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်အဖွဲ့အစည်းတွေဟာ အစ္စရေးစစ်တပ် (IDF) နဲ့ ဂျူးအခြေချနေထိုင်တဲ့ ဒေသတွေအပေါ် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုပုံစံမျိုး အကြမ်းဖက် တိုက်ခိုက်မှုတစ်ခုကို စတင်ခဲ့မယ်ဆိုရင်၊ ဒါမှမဟုတ် စတင်တော့မယ်ဆိုတာကို ကျွန်တော်တို့အတည်ပြု နိုင်ခဲ့မယ်ဆိုရင် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ ကျွန်တော်တို့ဟာ အလုံးစုံစစ်ပွဲ စတင်ဖို့အတွက် ပြင်ဆင်ထားကြဖို့ IDF ကို ညွှန်ကြားထားပါတယ်" ဟု ကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ် က ပြောကြားခဲ့သည်။

အဆိုပါစစ်ဆင်ရေးတွင် အနောက်ဘက်ကမ်းရှိ ရာမလာမြို့တွင် အခြေစိုက်သည့် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့၏ ထိပ်တန်းခေါင်းဆောင်ပိုင်းနှင့် တပ်ဖွဲ့များအပြင် ထိုနယ်မြေအတွင်းရှိ အကြမ်းဖက် အခြေခံအဆောက်အအုံများအားလုံးကို ပစ်မှတ်ထားသွားမည်ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးရုံးမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ကက်ဇ်က ပြောကြားခဲ့သည်။

ထို့ပြင် ယင်းစစ်ဆင်ရေးတွင် ထိပ်တန်းခေါင်းဆောင်များကို ပစ်မှတ်ထား သုတ်သင်ရှင်းလင်းခြင်းများနှင့် အကြမ်းဖက်လှုပ်ရှားမှုများ ပြုလုပ်သည့် မြို့များနှင့် ကျေးရွာများမှ ဒေသခံများကို ဘေးလွတ်ရာ ရွှေ့ပြောင်းစေခြင်းများပါဝင်မည်ဖြစ်ပြီး အဆိုပါဒေသများတွင် အစ္စရေးစစ်တပ်က အမြဲတမ်း တပ်စွဲထားမည်ဟု ဆိုသည်။

အဆိုပါ စစ်ဆင်ရေးသည် လက်ရှိတွင် အစ္စရေးစစ်တပ် စစ်ဆင်ရေးများ လုပ်ဆောင်နေသည့် ဂါဇာနှင့် လက်ဘနွန်တောင်ပိုင်းရှိ လုံခြုံရေးဇုန်များ၏ ပုံစံအတိုင်း အလားတူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကက်ဇ်က ပြောကြားခဲ့သည်။

ကက်ဇ်၏ ထုတ်ပြန်ချက်သည် အစ္စရေးအစိုးရ၏ ရန်လိုပြီး လူမျိုးရေးခွဲခြားသော သဘာဝကို ပေါ်လွင် စေကြောင်း အနောက်ဘက်ကမ်း အခြေစိုက် ဥပဒေပြုအဖွဲ့တစ်ခုဖြစ်သည့် ပါလက်စတိုင်း အမျိုးသားကောင်စီ၏ ဥက္ကဋ္ဌ ရာဝီ ဖက်တူက ပြောကြားခဲ့သည်။

အဆိုပါ မှတ်ချက်များသည် အစ္စရေးအစိုးရအနေဖြင့် ငြိမ်းချမ်းရေးအတွက် မဟာမိတ်ကို ရှာဖွေနေခြင်း မဟုတ်ဘဲ ပဋိပက္ခနှင့် မတည်ငြိမ်မှုများကိုသာ ထာဝရ လှုံ့ဆော်ပေးနေကြောင်း အတည်ပြုရာရောက်သည်ဟု ဖက်တူက ပြောကြားခဲ့သည်။

ပါလက်စတိုင်း အာဏာပိုင်အဖွဲ့သည် လက်နက်ကိုင် လှုပ်ရှားမှုများတွင် တရားဝင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ ၎င်း၏ လုံခြုံရေးတပ်ဖွဲ့များသည် အနောက်ဘက်ကမ်းရှိ ဒေသတွင်း လက်နက်ကိုင် လှုပ်ရှားမှုများကို နှိမ်နင်းရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group