Eleven Media Group

■ ပြည်သူ့ပါတီမှ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအား ပယ်ဖျက်၍ ပြည်ခိုင်ဖြိုးပါတီမှ နှစ်ဦးအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် UEC သတ်မှတ်ကြေငြာ

ပြည်သူ့ပါတီမှ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအား ပယ်ဖျက်၍ ပြည်ခိုင်ဖြိုးပါတီမှ နှစ်ဦးအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က သတ်မှတ်ကြေငြာလိုက်ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲကန့်ကွက်လွှာ အယူခံမှုအမှတ် (၁/၂၀၂၆) အပေါ် ဆုံးဖြတ်ချက်ချမှတ်ရာတွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၊ မြိတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တွင် ပြည်သူ့ပါတီမှ ဦးခိုင်ဦးအား ရွေးကောက်တင်မြှောက်ခံထားရမှုကို ပယ်ဖျက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဝင်းကြူအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် သတ်မှတ်ကြေငြာခဲ့ခြင်းဖြစ်သည်။

UEC ၏ ကြေညာချက်အမှတ် (၅၄/၂၀၂၆) အရ မြိတ်မြို့နယ် မဲဆန္ဒနယ်အတွက် ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် ပြည်သူ့ပါတီမှ ဦးခိုင်ဦး၏ ရွေးကောက်တင်မြှောက်ခံရခြင်းနှင့်ပတ်သက်၍ ယှဉ်ပြိုင်အရွေးခံသူ ဦးဝင်းကြူက ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကန့် ကွက်လွှာကို တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၉ နှင့် ပုဒ်မ ၇၅ တို့အရ ရွေးကောက်ပွဲခုံအဖွဲ့နှင့် အယူခံမှုလုပ်ငန်းစဉ်များဖြင့် စိစစ်ကြားနာခဲ့ပြီးနောက် UEC က ယခုကဲ့သို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဟုတ်ပါတယ်။ ကျွန်တော်တို့ပါတီက ကိုယ်စားလှယ် ဦးခိုင်ဦးကို ပယ်ဖျက်လိုက်တာပါ၊ ကျွန်တော်တို့ ကြေငြာစာ လက်ခံဖို့ စောင့်နေပါတယ်။ မြိတ်မြို့နယ်မှာ ပြတ်ပြတ်သားသား အရွေးခံရတဲ့သူကို ပယ်ဖျက်လိုက်တာပါ။ ကျွန်တော်တို့ အယူခံလည်း တက်ခဲ့ပြီးပြီ။ မြိတ်မြို့နယ်က ကိုယ်စားလှယ်တွေကို လွှတ်တော်ထဲကနေ ပယ်ဖျက်ခံရအောင် လုပ်တာလို့ ပြောလို့ရတယ်။ ဒီလိုပယ်ဖျက်လိုက်လို့ ကျွန်တော်တို့ပါတီက ကိုယ်စားလှယ်နောက်တစ်ဦးလည်း ဆုံးရှုံးခံလိုက်ရပြီ"ဟု တင်္န်ာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးအောင်အောင်က ပြောကြားသည်။

UEC ၏ ဆုံးဖြတ်ချက်အရ မြိတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တွင် ဦးခိုင်ဦးအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းသည် ဥပဒေအရ ပျက်ပြယ်ကြောင်း သတ်မှတ်ခဲ့ပြီး ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခံရသူမှာ ဦးဝင်းကြူဖြစ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်နှင့်ဆက်စပ်၍ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) တွင်လည်း ကိုယ်စားလှယ်စာရင်း ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း သိရသည်။

UEC က မြိတ်မြို့နယ် မဲဆန္ဒနယ်မှ ဦးခိုင်ဦး ရရှိခဲ့သည့် ဆန္ဒမဲရလဒ်များကို နုတ်ပယ်ပြီး ကျန်ရှိသည့် ခိုင်လုံမဲများအား ပြန်လည်တွက်ချက်ခဲ့ရာ လောင်းလုံးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဖြစ်သူ ပြည်သူ့ပါတီမှ ဦးတင်စိုးမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိတော့ကြောင်း သိရသည်။

နိုင်ငံရေးပါတီများ၏ ဦးစားပေးတင်ပြထားသည့် ကိုယ်စားလှယ်လောင်းစာရင်းအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါ်မြမြစိမ်းအား တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ်အဖြစ် သတ်မှတ်ကြေငြာခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group