Eleven Media Group

■ NSPNC နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စားလှယ်တို့ နေပြည်တော်တွင် တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာဆွေးနွေးပွဲ နှစ်ရက်ပြုလုပ်

■ လူ့အဖွဲ့အစည်းအတွင်း ကွဲပြားစေသည့်အကြောင်းရင်းများကို သုတေသနပြုဖော်ထုတ်၍ နိုင်ငံရေးပါတီများ၏ကွန်ရက်ကို အသုံးပြုကာ လူထုစုစည်းရေး၊ ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးတွင် ပိုမိုပါဝင်လာအောင် ဆောင်ရွက်ရန်လိုကြောင်း NSPNC ဥက္ကဋ္ဌ ပြောကြား

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စားလှယ်တို့ နေပြည်တော်တွင် အောက်တိုဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာဆွေးနွေးပွဲ နှစ်ရက်တာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ရှိ ရုံးအမှတ် (၂၀) အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ပြုလုပ်သည့် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ဝင်များဖြစ်သည့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့တွင် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကားပြောကြားရာ၌ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွ ယှဉ်တွဲနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် NSPNC အနေဖြင့် သက်ဆိုင်သူများနှင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ NSPNC သည် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ NCA လက်မှတ်မရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါ ဆွေးနွေးမှုများမှ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်ဖြည့်စွက်ရန် ၄၃ ချက် သဘောတူနိုင်ခဲ့ကြောင်း၊ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးသွားရန် နိုင်ငံတော်သမ္မတက ပေးပို့ထားပြီးဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် လူ့အဖွဲ့အစည်းအတွင်း ကွဲပြားစေသည့်အကြောင်းရင်းများကို သုတေသနပြုဖော်ထုတ်၍ နိုင်ငံရေးပါတီများ၏ ကွန်ရက်ကို အသုံးပြုကာ လူထုစုစည်းရေး၊ ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးတွင် ပိုမိုပါဝင်လာအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဘာသာပေါင်းစုံ ကွဲပြားနေသော ပြည်သူများကို နိုင်ငံရေးပါတီများက ပေါင်းစည်းပေးစေလိုပြီး လူမှုသဟဇာတဖြစ်ရေးကို ဆောင်ရွက်သွားရန်လိုကြောင်း၊ အလုပ်အဖွဲ့အနေဖြင့် နေရပ်စွန့်ခွာသူများအား ကူညီဆောင်ရွက်ပေးနိုင်ရေး လှုပ်ရှားမှုများကို သီးခြားဖွဲ့စည်းဆောင်ရွက်နိုင်ကြောင်း၊ နေရပ်ပြန်မည့် နေရပ်စွန့်ခွာသူများအတွက် ရေရှည်အသက်မွေးဝမ်းကျောင်းဆိုင်ရာ မူဝါဒများ ဆွေးနွေးရန်နှင့် အစိုးရ၏ လုပ်ဆောင်ချက်များတွင် ပေါင်းစပ်အကူအညီပေးစေလိုကြောင်း၊ ကယား၊ ချင်း၊ ပအိုဝ်း ဒေသများရှိ ပြည်သူများ၏ နေရပ်ပြန်ရေး၊ လုံခြုံရေး၊ စားဝတ်နေရေးနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကို ကူညီဖြေရှင်းပေးစေလိုကြောင်းဖြင့်လည်း NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။

နိုင်ငံရေးပါတီများသည် ပြည်သူလူထုကိုယ်စားပြုသော အဖွဲ့အစည်းဖြစ်ကြောင်း၊ မီဒီယာကို အသုံးချ၍ အစိုးရနှင့် ပြည်သူ၊ တပ်မတော်နှင့် ပြည်သူ၊ ပြည်သူနှင့် ပြည်သူအကြား အမြင်ကွဲပြားအောင် ဆောင်ရွက်နေကြကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ကုန်စည်စီးဆင်းမှု ကောင်းမွန်ရေးအတွက် ပြည်သူ့ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြတောင်းဆိုချက်များအပေါ်တွင် လိုအပ်သလို အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးနေကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့်လည်း အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စား အဖွဲ့ခေါင်းဆောင် ဒေါက်တာ အောင်မြတ်ဦးက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ပါဝင်ဆွေးနွေးဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီအစုအဖွဲ့ကို စုဖွဲ့မှုပုံစံအသစ် စုဖွဲ့ပေးထားသဖြင့် တွေ့ဆုံဆွေးနွေးမှုသည် ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း၊ ယခင်က ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်၊ ဖြည့်စွက်နိုင်ရေးသာ ဆွေးနွေးခဲ့ကြပြီး ယခုငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပါ ပါဝင်ဆောင်ရွက်ခွင့်ပေးသည့် NSPNC အား ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နိုင်ငံရေးပါတီများအနေဖြင့် မည်သို့ဖွဲ့စည်းပြီး မည်သို့ပါဝင်ဆောင်ရွက်သွားသင့်သည်ဆိုသည်ကို ဆွေးနွေးသွားကြမည်ဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီများမှ မိမိတို့ဒေသအတွင်းရှိ ပြည်သူလူထုအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပိုမိုပါဝင်ဆောင်ရွက်ရေး ကြိုးပမ်းသွားကြမည်ဖြစ်ကြောင်း၊ ပဋိပက္ခဒဏ်ခံစားနေကြရသော ဒေသခံပြည်သူများ၏ လိုလားချက်များ၊ တောင်းဆိုမှုများအား သိရှိအောင် ဆောင်ရွက်ပြီး လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးနိုင်ရေး လုပ်ဆောင်ပေးသွားကြမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တွေ့ဆုံဆွေးနွေးမှုအစီအစဉ်အရ နိုင်ငံရေးပါတီများအစုအဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ အားလုံးပါဝင်ရေးအတွက် ကြားဝင်စေ့စပ်ဆောင်ရွက်ရာတွင် ပါတီအစုအဖွဲ့မှ လုပ်ဆောင်သွားမည့်အစီအစဉ်ကို အချင်းချင်းညှိနှိုင်းပြီး ညှိနှိုင်းရေးကော်မတီသို့ တင်ပြသွားမည့်ကိစ္စ၊ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အမြင်သဘောထားများကို ဆန်းစစ်ကောက်ယူ ဆောင်ရွက်သွားရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြားဝင်ဆောင်ရွက်ပေးနိုင်မည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား ချိတ်ဆက်ဆောင်ရွက်သွားရေး၊ ယုံကြည်မှုတည်ဆောက်နိုင်ရန် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးရန်လိုပြီး အစိုးရနှင့် ပြည်သူအကြား လူမှုသဟဇာတဖြစ်ပေါ်စေရေးအစီအမံများ ချမှတ်ဆောင်ရွက်ရေးနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ အပါအဝင် နိုင်ငံရေးပါတီများကို ဒေသအလိုက် ငြိမ်းချမ်းရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်ဆောင်ရွက်သွားမည့်ကိစ္စတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် NSPNC အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်က ရှင်းလင်းဆွေးနွေးရာတွင် နိုင်ငံရေးပါတီများအနေဖြင့် NSPNC ၏ ငြိမ်းချမ်းရေးဆောင်ရွက်မှု လုပ်ငန်းစဉ်များအပေါ်တွင် ကျယ်ပြန့်စွာ သိရှိနားလည်ပြီး နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော ငြိမ်းချမ်းရေးမူဝါဒများ၊ NSPNC ၏ လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ပိုမိုလေးနက်စွာနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပိုမိုအထောက်အကူပြုရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များ၊ မပါဝင်သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရေး၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ပူးပေါင်းညှိနှိုင်းဖြေရှင်းရေး၊ ဒေသအလိုက် မတူညီသော အခြေအနေများအပေါ် အခြေခံပြီး နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ တိုင်းဒေသကြီး / ပြည်နယ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန်နည်းလမ်းများ၊ မီဒီယာနှင့် လူထု ထိတွေ့ဆက်ဆံရေး လိုအပ်ချက်များနှင့် နိုင်ငံရေးပါတီများ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲ ဒုတိယနေ့ (အောက်တိုဘာ ၂၀ ရက်) တွင် NSPNC အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း (ငြိမ်း) က နိုင်ငံရေးပါတီများအနေဖြင့် ယခင်ကလည်း ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအကြား ဆက်ဆံရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာနှင့်ပတ်သက်သည့် ကိစ္စများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဆိုသည်မှာ နိုင်ငံရေးကျင့်စဉ်နှင့် အာဏာခွဲဝေမှုတို့ဖြစ်ကြောင်း၊ နှစ်ဖက်ဆွေးနွေးရာတွင် သဘောတူညီချက်များ ရရှိနိုင်သကဲ့သို့ ဆက်လက်ဆွေးနွေးရမည့်ကိစ္စများလည်း ရှိလာမည်ဖြစ်ကြောင်း၊ ယခုလည်း ဖက်ဒရယ်ဆိုင်ရာအချက်များအား ဆွေးနွေးညှိနှိုင်း၍ ကျယ်ကျယ်ပြန့်ပြန့်နှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စား အဖွဲ့ခေါင်းဆောင် ဒေါက်တာ အောင်မြတ်ဦးက ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို တည်ဆောက်ရာတွင် မိမိနိုင်ငံနှင့် ကိုက်ညီသည့် ဖက်ဒရယ်စနစ်ဖြစ်ရန်လိုကြောင်း၊ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ၏ ဆက်ဆံရေးကောင်းမွန်စေရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ပြင်ဆင်သင့်သည့်အချက်များ ပြင်ဆင်ရန်လိုအပ်ကြောင်း၊ ခိုင်မာသည့် ပြည်ထောင်စုဖြစ်ရန်လိုအပ်သကဲ့သို့ လွတ်လပ်ပြီး တရားမျှတသည့် ပြည်ထောင်စုကြီးလည်း ဖြစ်ရန်လိုကြောင်း၊ ပြည်ထောင်စုအစိုးရသည် တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့်အတွက် ခိုင်မာအားကောင်းရန်လိုအပ်ပြီး တိုင်းဒေသကြီး/ပြည်နယ်အစိုးရများသည် လွတ်လွတ်လပ်လပ်လုပ်ကိုင်နိုင်ရန် လုပ်ပိုင်ခွင့် ပြည့်ပြည့်ဝဝရှိရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ဝင်များက ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရများအကြား ဆက်ဆံရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးရာတွင် နိုင်ငံရေးပါတီများအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် ပါတီတွင်းထုတ်ပြန်ချက်များ ထုတ်ပြန်ပြီး ရပ်တည်ဆွေးနွေးခဲ့ကြောင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များအကြား ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကိစ္စရပ်များအား အာဏာခွဲဝေမှုတွင် ဆီလျော်ရန်လိုအပ်ကြောင်း၊ (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုးရနှစ်ရပ်၊ လွှတ်တော်သုံးရပ်ရှိသည့်အတွက် ဖက်ဒရယ်ပုံစံဖြစ်ကြောင်း၊ ဖက်ဒရယ်ကို စဉ်းစားရာတွင် အလွှာအားလုံးပါဝင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများအကြား လုပ်ငန်းတာဝန်ကို ရှင်းလင်းစွာ သတ်မှတ်ရန်လိုကြောင်း၊ ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလုံးနှင့် သက်ဆိုင်သည့်အတွက် သက်ဆိုင်ရာမူဝါဒများ၊ အမျိုးသားအဆင့်စီမံကိန်းများ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုများကို ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအကြား ပထဝီအနေအထား လူဦးရေ၊ စီးပွားရေးနှင့် လူမှုရေးလိုအပ်ချက်အပေါ် အခြေခံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က နှစ်ရက်တာဆွေးနွေးမှုများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် နိုင်ငံရေးပါတီများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပိုမိုပါဝင်လာစေရေး၊ ညှိနှိုင်းရေးကော်မတီဘက်မှ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကို မြှင့်တင်ပါက ထိတွေ့ဆက်ဆံနိုင်သည့်အတိုင်းအတာနှင့် လုပ်ပိုင်ခွင့်များကို ရှင်းလင်းစွာ သတ်မှတ်ပေးရေး၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့အနေဖြင့် ပါတီတစ်ခုချင်းစီ၏ သဘောထားများအားဖော်ပြနေခြင်းထက် ပါဝင်ပတ်သက်သည့် နိုင်ငံရေးပါတီအားလုံး၏ အသံကို ထင်ဟပ်နိုင်စေရေး၊ ဆွေးနွေးပွဲအဆင့်တွင် ရပ်တန့်မနေဘဲ မည်သို့ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဆိုသည့်နည်းလမ်းများ ဖော်ထုတ်နိုင်ရေးတို့အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ဆွေးနွေးမှုများနှင့်ပတ်သက်၍ မှတ်တမ်းတင်ပြီး ရရှိသော သဘောထားစုစည်းချက်များကို မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group