Eleven Media Group

■ လူတစ်ဦးအတွက် တစ်လလျှင် စားသုံးဆီ ၅၀ ကျပ်သားနှုန်းဖြင့် ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်နေ

■ အိမ်ထောင်စုတစ်စုလျှင် တစ်လဆီ သုံးပိဿာမရဟု လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ

လူတစ်ဦးအတွက် တစ်လလျှင် စားသုံးဆီ ၅၀ ကျပ်သားနှုန်းဖြင့် ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦးက ပြောကြားသည်။

ယနေ့ (အောက်တိုဘာ ၂၀ ရက်) ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် သုံးခွမဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၏ ပြည်သူလူထုအား ဖြန့်ဝေသော စားအုန်းဆီရောင်းချမှုပုံစံနှင့်စပ်လျဉ်းသည့် မေးခွန်းအား ပြန်လည်ဖြေကြားစဉ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦးက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

"အိမ်ထောင်စု တစ်စုလျှင် တစ်လလျှင် ၃ ပိဿာနှုန်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး နောင်တွင် လူတစ်ဦးလျှင် တစ်လလျှင် ၅၀ ကျပ်သားနှုန်းဖြင့် ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်" ဟု ဝန်ကြီးက ပြောကြားသည်။

​ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် စားသုံးဆီကို လိုအပ်သည့်ပမာဏထက် ပို၍စားသုံးမိပါက သွေးတွင်းအဆီဓာတ် မြင့်မားလာခြင်း၊ အဝလွန်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ စသည့် နာတာရှည် ဝေဒနာများ ခံစားရနိုင်ပြီး ကျန်းမာရေးအပေါ် ကြီးမားသောဆိုးကျိုးများ သက်ရောက်လျက်ရှိကြောင်းဖြင့် အသိပညာပေး စာစောင်များ ဖြန့်ဝေထားရှိကြောင်း ဝန်ကြီး ဦးစိုးဦးက ပြောကြားသည်။

ထို့ကြောင့် အသက် ၅ နှစ်မှ အထက်အရွယ်ရှိ လူတစ်ဦးချင်းစီအတွက် ကျန်းမာရေးထိခိုက်မှု မရှိစေရန် စားသုံးဆီ စားသုံးမှု ပမာဏအား တစ်နှစ်လျှင် စုစုပေါင်း ခြောက်ပိဿာထက် ပိုမိုစားသုံးမှု မရှိစေရန် ရည်ရွယ်၍ ကြပ်မတ်ထိန်းချုပ် ရောင်းချပေးလျက်ရှိကြောင်း ဝန်ကြီး ဦးစိုးဦးက ပြောကြားသည်။

​စက်မှုလုပ်ငန်းသုံးများအတွက် လိုအပ်သော စက်မှုလုပ်ငန်းသုံး စားသုံးဆီများကို လုပ်ငန်း အမျိုးအစား၊ အရွယ်အစားလိုက် မျှတစွာ ခွဲဝေဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့် စားသုံးဆီ ထုတ်ယူရရှိရေး ပေါင်းစပ်ညှိနိုင်းရေးအဖွဲ့အား ဖွဲ့စည်းထားရှိပြီး UMFCCI တွဲဘက်အထွေထွေတွင်းရေးမှူးက အဖွဲ့ခေါင်းအနေဖြင့် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းဝန်ကြီး ဦးစိုးဦးက ပြောကြားသည်။

ထိုသို့ ပြန်လည်ဖြေကြားမှုများနှင့်ပတ်သက်၍ ဝန်ကြီး ပြောသကဲ့သို့ အိမ်ထောင်စုတစ်စုလျှင် တစ်လ ဆီ ၃ ပိဿာမရဟု သုံးခွမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဆက်စပ်မေးခွန်း မေးမြန်းစဉ် ထောက်ပြပြောကြားခဲ့သည်။

"လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား ဝန်ကြီးပြောသလို လူတစ်ယောက် သုံးပိဿာ မြေပြင်မှာ မရပါဘူး။ အဲ့လို မရတဲ့ ဧရိယာတွေ အများကြီးဖြစ်ပါတယ်"ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။

စားသုံးဆီ ဖြန့်ဖြူးရောင်းချရေးအတွက် ​ကိုယ်စားလှယ်များ စတင်ခန့်ထားကတည်းက လက်သင့်ရာကိုယ်စားလှယ်များကို ခန့်ထားခဲ့ပြီးအဆိုပါ ကိုယ်စားလှယ်များက လုပ်ချင်သည့် ပုံစံ၊ ရောင်းချချင်သည့် ပုံစံဖြင့် ရောင်းချ‌နေသည့်အတွက်ကြောင့် ပြည်သူများ အခက်အခဲ များစွာရှိနေသည်ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။

ထို့ကြောင့် စားသုံးဆီ ဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ စီမံခန့်ခွဲမှု အလွှဲအမှားများအား ပြန်လည်သုံးသပ်၍ ကိုယ်စားလှယ်များအား ပြန်လည်စိစစ်ရွေးချယ်ကာ စနစ်တကျဖြင့် ပြည်သူလူထု အဆင်ပြေချောမွေ့ရေး ဆောင်ရွက်ပေးသွားမည့်အစီအစဉ်ရှိ မရှိ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဆက်စပ်မေးမြန်းခဲ့သည်။

စားသုံးဆီ ဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ အမှုတွဲများ တက်ရောက်လျက်ရှိပြီး ယနေ့ (အောက်တိုဘာ ၂၀ ရက်) တွင်လည်း ယင်းကိစ္စရပ်အတွက် အစည်းအဝေးရှိကြောင်း၊ အစည်းအဝေးပြီးသည့်အခါ ဖြစ်ပေါ်လာသည့် အခြေအနေအားလုံးကို နောင်အခါ လွှတ်တော်တွင် တင်ပြဆွေးနွေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦးက ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group