Eleven Media Group

ဒဂုံဆိပ်ကမ်းမြို့နယ် (၇၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ခြံစည်းရိုးကာခြင်းအတွက် ကျပ် ၃၉ သန်း တောင်းခံခြင်းကို ခွင့်မပြုရန် ရန်ကုန်တိုင်းလွှတ်တော် ပြည်သူ့ငွေစာရင်း​​ကော်မတီ တင်ပြ

ဒဂုံဆိပ်ကမ်းမြို့နယ် (၇၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ခြံစည်းရိုးကာခြင်းအတွက် ကျပ် ၃၉ သန်း တောင်းခံခြင်းကို ခွင့်မပြုရန် ရန်ကုန်တိုင်းလွှတ်တော် ပြည်သူ့ငွေစာရင်း​​ကော်မတီက တင်ပြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းသော ရန်ကုန်တိုင်းဒေသကြီး၏ ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်၊ ရသုံးမှန်းခြေငွေစာရင်း (လျာထားချက်) အပေါ် ပြည်သူ့ငွေစာရင်းနှင့် ဘဏ္ဍာရေး၊ စီမံကိန်း၊ စီးပွားရေးဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို အောက်တိုဘာ ၁၉ ရက်ကပြုလုပ်သော တတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ အစီအစဉ်တွင် လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့ခြင်းဖြစ်သည်။

ထိုသို့တင်ပြရာတွင် ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၇၃)ရပ်ကွက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ခြံစည်းရိုးကာရံခြင်း (၁၈ဝပေ x ၁၂ဝဝေ) လုပ်ငန်း ဆောင်ရွက်ရန် ကျပ်သန်း ၃၉ ဒသမ ၀ တောင်းခံထားပါကြောင်း၊ ၎င်းအုပ်ချုပ်ရေးမှူးရုံး၏ ခြံစည်းရိုးအား လက်ရှိအချိန်တွင် GI ပိုက် Chain Link များဖြင့်ကာရံထားပါကြောင်း၊ သို့သော် ယင်း ခြံစည်းရိုးအား မြေပြင်မှ အမြင့်ပေ (၆ပေx ၆လက်မ) အုတ်ဖြင့် အခိုင်အမာကာရံ မည်ဟု တင်ပြထားသည်ကို တွေ့ရှိရပါကြောင်း ပါရှိသည်။

ဆက်လက်ပြီး ပြည်သူ့ငွေစာရင်းနှင့် ဘဏ္ဍာရေး၊ စီမံကိန်း၊ စီးပွားရေးဆိုင်ရာကော်မတီက ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၇၃)ရပ်ကွက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၏ ခြံစည်းရိုးကို GI ပိုက် Chain Link ဖြင့် ကာရံထားသဖြင့် ယာယီ ကာရံထားသည်ဟု သတ်မှတ်၍မရပါကြောင်း၊ ယခုတင်ပြထားသော (၆ပေ၊ ၆လက်မ) အမြင့် အုတ်တံတိုင်းဖြင့်ကာရံပါက လုံခြုံရေးအရ ဖြစ်သင့်သော်လည်း အများပြည်သူ ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသည် ပြည်သူ အများ အလွယ်တကူဝင်ထွက်သွားလာရန် လွယ်ကူသည့် အဆောက်အဦ ဖြစ်သင့်ပါကြောင်း၊ (၆ပေ၊ ၆လက်မ)အမြင့် အုတ်တံတိုင်းကာရံပြီး ပြင်ပနှင့် အဆက်အသွယ် ပြတ်တောက်နေသော သီးခြားအဆောက်အဦးတစ်ခု ပုံသဏ္ဍာန်ဖြစ်နေပါကြောင်း၊ ထို့အပြင် ပွင့်လင်းမြင်သာမှု အားနည်းသော ရုံးတစ်ခုအဖြစ်သို့ ရောက်ရှိသွားနိုင်ပါ ကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်သော ပြည်သူများ အားကိုး အားထားပြုရာရုံးတစ်ခုကို (၆ပေ၊ ၆လက်မ) အမြင့်ရှိသော အုတ်တံတိုင်းဖြင့် ခြံစည်းရိုးကာရံရန် မသင့်လျော်ပါကြောင်း၊ သို့ပါ၍ အဆိုပါ အုတ်တံတိုင်းကာရံခြင်း လုပ်ငန်းကို လုံးဝ(လုံးဝ) ခွင့်ပြုရန်မသင့်ပါကြောင်း သဘောထားမှတ်ချက်ပေးခဲ့သည်။

မူရင်းသတင်း — Eleven Media Group