
စူပါအယ်လ်နီညိုအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ခရိုင် ၁၄ ခုရှိ မြို့နယ် ၄၅ မြို့နယ်တွင် လူဦးရေ ၁၅၀၀၀၀ ကျော် ခိုလှုံနိုင်မည့် အပူရှောင်စခန်း ၆၀၀ ကျော် ဖွင့်လှစ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းက ပြောကြားသည်။
ယနေ့ (အောက်တိုဘာ ၁၉ ရက်) ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးအောင်ပြည့်ဖြိုး၏ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/မြို့နယ်အလိုက် ပြည်သူ့အခြေပြု သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရေးနှင့်စပ်လျဉ်းသည့် မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
"ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပြည်သူတွေ အပူရှောင်နိုင်ဖို့အတွက် ခရိုင် ၁၄ ခရိုင်၊ မြို့နယ် ၄၅ မြို့နယ်မှာ အပူရှောင်စခန်း ၆၂၆ ခုကိုလည်း ကျွန်တော်တို့ ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ အပူရှောင်စခန်း ၆၂၆ နေရာမှာ ပြည်သူများ စုစုပေါင်း ၁၅၂၆၈၅ ဦး ယာယီအပူရှောင်နိုင်မှာဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းက ပြောကြားသည်။
စူပါအယ်လ်နီညိုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်း၊ ဆောင်းရာသီနှင့် နွေရာသီတို့တွင် အပူချိန် မြင့်မားခြင်းနှင့် ရေရှားပါးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီးက ပြောကြားသည်။
ထို့ကြောင့် ရန်ကုန်မြို့တော်၏ည်ပင်သာယာရေးကော်မတီက ဦးစီး၍ အောက်တိုဘာ ၁၅ ရက်တွင် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ယင်းအလုပ်ရုံဆွေးနွေးပွဲ၌ ပညာရှင်များ၏ သုံးသပ်ချက်များအပေါ် မူတည်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
စူပါအယ်လ်နီညိုကြောင့် ပြည်သူများ အဓိကခံစားရနိုင်သည့် ရေပြတ်လပ်မှုပြဿနာအတွက် ရေလုံလောက်စွာ ပေးဝေနိုင်မည့် အစီအမံများ ဆောင်ရွက်ထားရှိသကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး အစီအမံများလည်း ဆောင်ရွက်ထားရှိကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။