Eleven Media Group

ရုရှားနှင့် မြောက်ကိုရီးယား နယ်စပ်ဖြတ်ကျော် ပထမဆုံးလမ်းတံတား ဖွင့်လှစ်

ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား ပထမဆုံးတည်ဆောက်ပြီးစီးသွားပြီဖြစ်သည့် လမ်းတံတားကို စက်တင်ဘာ ၇ ရက်က ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

တူမန်မြစ်ကို ဖြတ်ကျော်တည်ဆောက်ထားခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်စည်နှင့်ခရီးသွားများ ပိုမိုလွယ်ကူစွာ သွားလာပို့ဆောင်နိုင်တော့မည်ဖြစ်သည်။

အဆိုပါတံတားကို ဝန်ထမ်းဖလှယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးတို့အတွက် အသုံးပြုမည်ဟု မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာက ဖော်ပြခဲ့ပြီး ရုရှားအစိုးရပိုင် TASS သတင်းဌာန၏ ဖော်ပြချက်အရ တစ်ရက်လျှင် ကားအစီးရေ ၃၀၀ နှင့် ခရီးသွား ၂၃၂၃ ဦးအထိ တံတားပေါ်မှ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သည်။

တံတားအရှည် တစ်ကီလိုမီတာ (သုည ဒသမ ၆ မိုင်) ရှိပြီး လမ်းသွားလမ်းလာ နှစ်လမ်းပါဝင်သည်။ နှစ်နိုင်ငံနယ်စပ်မြို့များဖြစ်သည့် မြောက်ကိုရီးယားဘက်မှ ရေဆွန်မြို့နှင့် ရုရှားဘက်မှ ခါဆန်မြို့တို့ကို ချိတ်ဆက်ပေးထားသည်။

တံတားဖွင့်ပွဲအခမ်းအနားကို နှစ်မြို့စလုံးတွင် တစ်ပြိုင်နက်ကျင်းပခဲ့ပြီး ရုရှားဝန်ကြီးချုပ် မစ်ခေးမီရှူစတင်နှင့် မြောက်ကိုရီးယားဝန်ကြီးချုပ် ပတ်ထယ်ဆောင်တို့က ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်ခဲ့ကြသည်။ ရုရှားဝန်ကြီးချုပ်က ချစ်ကြည်ရေး၏ သင်္ကေတသစ်ဟု ပြောကြားခဲ့ပြီး မြောက်ကိုရီးယားဝန်ကြီးချုပ်က တံတားဖွင့်လှစ်မှုကို သမိုင်းဝင်ဖြစ်ရပ်ဟု ခေါ်ဆိုခဲ့သည်။

ရုရှားနှင့် မြောက်ကိုရီးယားအကြား လေကြောင်းနှင့် ရထားလမ်းဆက်သွယ်မှုများ ရှိပြီးသားဖြစ်သည်။ ရုရှားအစိုးရက ယခုလမ်းတံတားသစ်ကို အစပိုင်းတွင် ကုန်စည်ပို့ဆောင်ရေးအတွက် အသုံးပြုမည်ဖြစ်ပြီး ယခုနှစ်နှောင်းပိုင်းတွင် ခရီးသွားများကို ဖြတ်ခွင့်ပေးမည်ဟု ဆိုသည်။

၂၀၂၄ ခုနှစ်က မြောက်ကိုရီးယားသို့ ရုရှားသမ္မတပူတင် ရောက်လာပြီး နှစ်နိုင်ငံကြား တံတားတည်ဆောက်ရန် သဘောတူခဲ့ပြီးနောက် တံတားတည်ဆောက်မှုကို ၂၀၂၅ ခုနှစ်တွင် စတင်ခဲ့သည်။ ကြားထဲတွင် ကြန့်ကြာမှုများရှိခဲ့ပြီး ၄၉၅ ရက်အတွင်း တည်ဆောက်ပြီးစီးခဲ့သည်။

Photo: AP & Reuters

မူရင်းသတင်း — Eleven Media Group