
ကာလရှည်ကြာ ကုလသမဂ္ဂမှ တရားမဝင် ဝင်ရောက်နေထိုင်ပြီး မြန်မာပြည်သူများကို ကိုယ်စားပြုသယောင် ဖာကျခဲ့တဲ့ သစ္စာဖောက်ကျော်မိုးထွန်းရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က တရားဝင် ထုတ်ပြန် ပြောဆိုလိုက်ပြီဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ထားပြီးဖြစ်သော ကျော်မိုးထွန်း၏ တရားမဝင် လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အနေနဲ့ ထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်မှာ သစ္စာဖောက်ကျော်မိုးထွန်း ဘာတွေလုပ်နေလဲဆိုတာကို သိနိုင်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ထားပြီးဖြစ်သော ကျော်မိုးထွန်း၏ တရားမဝင် လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုထားရာမှာ -
ကျော်မိုးထွန်းသည် နိုင်ငံတော်မှ ပေးအပ်သောအမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိဘဲ သံတမန်ကျင့်ဝတ်ပျက်ယွင်းစွာ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်ခြင်း၊ တရားမဝင် အဖွဲ့အစည်းများအား သစ္စာခံကိုယ်စားပြုလှုပ်ရှားခြင်းတို့ကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစ၍ ၎င်းအား နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ် (Dismissal) ခဲ့ပြီး ဖြစ်ကြောင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရပြီးဖြစ်သော်လည်း ကျော်မိုးထွန်းသည် နယူးယောက်မြို့ရှိ နိုင်ငံတော်ပိုင် အဖွဲ့ရုံးရှိ ရုံးခန်းနေရာ၊ ရုံးအကြီးအကဲနေအိမ်နှင့် နိုင်ငံတော်ပိုင် မော်တော်ယာဉ်စသည့် နိုင်ငံတော်ပိုင်ပစ္စည်းများကို ဆက်လက်အသုံးပြုလျက်ရှိကြောင်း၊ ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအထိ နယူးယောက်မြို့၊ Bank of America ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၏ ဘဏ်ငွေစာရင်းတွင် နိုင်ငံပိုင်ဘဏ္ဍာငွေမှာ အမေရိကန် ဒေါ်လာ ၂.၇၆ သန်းနှင့် ယူရို ၃၈၂၃၃.၆၂ ကျန်ရှိကြောင်း သိရှိရသည်။ အဆိုပါ လက်ကျန်ဘဏ္ဍာငွေများကို နိုင်ငံတော်၏ ခွင့်ပြုချက်မရရှိဘဲ ထုတ်ယူသုံးစွဲခြင်း၊ ၎င်း၏ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ သို့ပါ၍ ကျော်မိုးထွန်းအနေဖြင့် ဘဏ်တွင်ရှိသော နိုင်ငံပိုင်ဘဏ္ဍာငွေများကို မည်သည့်ခေါင်းစဉ်များဖြင့် သုံးစွဲထားသည်ကို အထောက်အထားများနှင့်တကွ ရှင်းလင်းရန် လိုအပ်မည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ကျော်မိုးထွန်းသည် မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ထားသော NUG နှင့် CRPH အဖွဲ့တို့နှင့် တိုက်ရိုက်ဆက်သွယ်ကာ ၎င်းတို့၏ သစ္စာခံ ကိုယ်စားလှယ်အဖြစ် လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း၊ ကုလသမဂ္ဂစင်မြင့်ကို အလွဲသုံးစားပြုကာ အွန်လိုင်းပေါ်တွင် ပုံရိပ်ယောင်တရားဝင်မှုပြသပြီး NUG အတွက် အလှူငွေကောက်ခံရန် ဝါဒဖြန့်လက်နက်တစ်ခုအဖြစ် လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွင်း အပြစ်မဲ့ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် တရားမဝင် အကြမ်းဖက်လှုပ်ရှားမှုများကို နိုင်ငံတကာစင်မြင့်၌ ဖုံးကွယ်ကာကွယ်ပေးခြင်း၊ လှုံ့ဆော်အားပေးခြင်းတို့ဖြင့် အကြမ်းဖက်လုပ်ရပ်များတွင် တိုက်ရိုက်ကြံရာပါအဖြစ် ဆက်လက်ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သစ္စာဖောက်ကျော်မိုးထွန်း ရဲ့ လုပ်ရပ်တွေကို ပြဆိုထားပါတယ်။
အထက်ဖော်ပြပါ လုပ်ရပ်များနှင့်ပတ်သက်၍ ကျော်မိုးထွန်းအား နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုအတွက် ရာဇသတ်ကြီးပုဒ်မ ၁၂၂ (၂) ဖြင့် ဒက္ခိဏခရိုင်တရားရုံးတွင် ရာဇဝတ်မှုအမှတ် (၃၂/၂၀၂၁) ဖြင့် အမှုဖွင့်လှစ်၍ ဖမ်းဝရမ်းထုတ်ဆင့်ထားရှိပြီး ဖြစ်ကြောင်း၊ ထို့ပြင် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁)၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆ (၁) နှင့် ရာဇသတ်ကြီးပုဒ်မ ၁၂၄-က တို့အရ အရေးယူဆောင်ရွက်ထားရှိပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တို့အရ ထပ်မံတရားစွဲဆိုပြီးဖြစ်ကြောင်း၊ လက်ရှိတွင် ကျော်မိုးထွန်းအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ တို့အရ တရားခံပြေးအဖြစ် ကြေညာ၍ တရားရုံးအမိန့်များ ထုတ်ဆင့်ထားရှိပြီး INTERPOL နှင့် United States National Central Bureau (USNCB) တို့မှတစ်ဆင့် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးနှင့်ပူးပေါင်းကာ အမေရိကန်ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်အရေးယူနိုင်ရေး သံတမန်လမ်းကြောင်းမှ ဆက်လက်ဆောင်ရွက်ရန်ရှိကြောင်း ဖော်ပြထားပါတယ်။
သို့ဖြစ်ပါ၍ ကျော်မိုးထွန်း၏ နိုင်ငံပိုင်ဘဏ္ဍာငွေနှင့် ပစ္စည်းများအား အလွဲသုံးစားပြုလုပ်မှု၊ တရားမဝင်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်မှုနှင့် နိုင်ငံတော် ကိုယ်စားပြုခွင့်မရှိဘဲ ကုလသမဂ္ဂမျက်နှာစာအား အသုံးပြု၍ လှုပ်ရှားဆောင်ရွက်နေမှုများကြောင့် ၎င်း၏ပုဂ္ဂိုလ်ရေး ယုံကြည်ကိုးစားမှု (Credibility) နှင့် ကိုယ်စားပြုခွင့်အပေါ် မေးခွန်းထုတ်စရာ ဖြစ်ပေါ်လျက်ရှိသည်။ ကျော်မိုးထွန်းသည် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ ကိုယ်စားပြုမှု ဆက်လက်ရရှိနေခြင်းမှာ တရားဝင်အသိအမှတ်ပြုခံရခြင်း မဟုတ်ဘဲ ခန့်အပ်လွှာစိစစ်ရေးကော်မတီ (Credentials Committee) ၏ ဆုံးဖြတ်ချက်ကို နှစ်စဉ်ဆိုင်းငံ့ထားခြင်း (Deferral) အပေါ် အခြေခံသည့် ယာယီအခြေအနေသာ ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ကျော်မိုးထွန်းအား မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှု/တရားဝင်ကိုယ်စားလှယ်အဖြစ် ပယ်ဖျက်ရုပ်သိမ်းထားပြီး ဖြစ်ပါကြောင်းနှင့် ၎င်း၏ တရားမဝင်ထုတ်ပြန်ချက်များ၊ လှုံ့ဆော်မှုများသည် မြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူတစ်ရပ်လုံး၏ သဘောထားမဟုတ်ကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းနှင့် သံတမန်ဆက်ဆံရေးရှိသော အစိုးရများအားလုံးထံ လေးနက်စွာ အသိပေးထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
သစ္စာဖောက် ကျော်မိုးထွန်း ဟာ NUG, CRPH အကြမ်းဖက်အဖွဲ့က ပြည်ပြေး ဝရမ်းပြေးများနဲ့ ပူးပေါင်းပြီး ကုလသမဂ္ဂစင်မြင့်ထက်မှာ မြန်မာကိုယ်စားပြု ရပ်တည်နေသယောင် ဟန်ရေးပြပြီး နိုင်ငံတော်ပိုင်ပစ္စည်း၊ ငွေကြေးများကို အလွဲသုံးစားလုပ်ရုံမျှမက နီပိန်းတွေမှာလည်း NUG အကြမ်းဖက်အဖွဲ့ကို ကိုယ်စားပြုပြီး သစ္စာဖောက်ကျော်မိုးထွန်း ကို တရားဝင်ရပ်တည်နေသယောင် ဝါဒဖြန့်ချိခဲ့တာတွေဟာလည်း မှားယွင်းတဲ့ ဝါဒဖြန့်လှုံ့ဆော်မှုတွေသာ ဖြစ်ကြောင်း သိသာထင်ရှားသွားစေပါတယ်။
#Myanmar #News