Myanmar National Post

အားကစားနှင့် ကာယပညာသိပ္ပံ(ပုသိမ်)၌ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ


ပုသိမ်၊ အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်)၌ သင်တန်းသားအိပ်ဆောင်၊ သင်တန်းကျောင်း/ သင်တန်းရုံးနှင့် စားရိပ်သာတည်ဆောက်ခြင်းလုပ်ငန်း၊ ကျောင်းအဝင် လမ်းကွန်ကရစ်ခင်းကျင်းလုပ်ငန်း၊ မီးလိုင်းများသွယ်တန်းခြင်းလုပ်ငန်း၊ ဘောလုံးကွင်းဖောက်ခြင်းလုပ်ငန်း၊ ပရိသတ် ၂၅၀၀ ဆံ့ မိုးလုံလေလုံအားကစားရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများကို ယမန်နေ့က အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးကျော်သူသည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ အားကစားနှင့် ကာယပညာသိပ္ပံ(ပုသိမ်)ကျောင်းရှိ ရှင်းလင်းဆောင်၌ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် တာဝန်ယူဆောင်ရွက်နေသည့် အဆောက်အအုံများ ရေရှည်တည်တံ့စေရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီ၍ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးအတွက် သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများက ဦးစားပေးဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍    တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် Work Schedule များ၊ တည် ဆောက်ရေးလုပ်ငန်းတွင် ဆောင်ရွက်သွားမည့် ဝန်ထမ်းအရေအတွက်၊ သတ်မှတ်ကာလတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မည့်မြေနေရာများနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post