
■ ရှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားများ၏ အခြေခံရပိုင်ခွင့်နှင့် ယဉ်ကျေးမှုများအပေါ် MNDAA က ခြိမ်းခြောက်လွှမ်းမိုးနေသဖြင့် ကန့်ကွက်ကြောင်း ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ၏ ထုတ်ပြန်ချက်ပါအချက်အလက်များကို MNDAA စာထုတ်ငြင်းဆို
■ MNDAA ၏ ငြင်းဆိုချက်များသည် လက်ရှိမြေပြင်အခြေအနေများ ကွဲလွဲမှုရှိနေဟု SSJAC အပါအဝင် ဒေသခံများက တုံ့ပြန်
ရှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားများ၏ အခြေခံရပိုင်ခွင့်နှင့် ယဉ်ကျေးမှုများအပေါ် MNDAA က ခြိမ်းခြောက်လွှမ်းမိုးနေသဖြင့် ကန့်ကွက်ကြောင်း ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ၏ ထုတ်ပြန်ချက်ပါအချက်အလက်များကို MNDAA က စာထုတ်ငြင်းဆိုသည်။
အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ၏ စွပ်စွဲချက်များမှာ အခြေအမြစ်မရှိဟု ပြည်ထောင်စုမြန်မာနိုင်ငံအထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီ MNDAA က ထုတ်ပြန်သည်။
ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) မှ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ကြေညာချက်ပါ စွပ်စွဲချက်များသည်မြေပြင်အခြေအနေမှန်နှင့် လုံးဝ ကင်းကွာနေကြောင်း၊ အများပြည်သူနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ အထင်အမြင် လွဲမှားမှု မရှိစေရန်နှင့် လူကြီးမင်းတို့အဖွဲ့အစည်းအနေဖြင့်လည်း မြေပြင်အခြေအနေမှန်ကို တိကျစွာ သိရှိနိုင်စေရန် အိတ်ဖွင့်ပေးစာမှတစ်ဆင့် ရှင်းလင်းတုံ့ပြန်ခြင်းဖြစ်ကြောင်း MNDAA က ထုတ်ပြန်သည်။
အထူးဒေသ (၁) အတွင်းရှိ အခြေခံပညာကျောင်းများတွင် မြန်မာဘာသာကို မိခင်ဘာသာစကား အနေဖြင့် သင်ကြားလျက်ရှိကြောင်း၊ ထို့ပြင် အင်္ဂလိပ်စာကို သူငယ်တန်းမှ စတင်သင်ကြားမည် ဖြစ်ပြီး တရုတ်စာကို Optional ဘာသာအဖြစ် သင်ကြားမည်ဖြစ်ကြောင်း၊ ၎င်းအပြင် သက်ဆိုင်ရာ တိုင်းရင်းသားများ၏ ဘာသာစကားကိုလည်းကျောင်းများတွင် သင်ကြားခွင့်ပြုထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြေယာပိုင်ဆိုင်ခွင့်နှင့် ပတ်သက်ပြီး အထူးဒေသ (၁) ၏ မြေယာစီမံခန့်ခွဲရေးဆိုင်ရာ ပြဋ္ဌာန်းချက်များအရ နိုင်ငံခြားသားများအား မြေယာပိုင်ဆိုင်ခွင့် လုံးဝ ခွင့်ပြုထားခြင်း မရှိကြောင်း၊ အထူးဒေသ (၁) မှတ်ပုံတင် ကိုင်ဆောင်ထားသူများ သို့မဟုတ် မြန်မာနိုင်ငံသားများသာလျှင် တရားဝင် မြေယာပိုင်ဆိုင်ခွင့်ရှိကြောင်း၊မြေယာပိုင်ဆိုင်ခွင့်လက်မှတ် လျှောက်ထားရာတွင်လည်း အခန်း (၃)၊ အပိုဒ် ၆ (ခ) အရ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် ဒေသခံစိစစ်ရေးကတ်ပြားများကို တိကျစွာ စိစစ်တောင်းခံလျက်ရှိကြောင်း MNDAA က ထုတ်ပြန်သည်။
ထို့ပြင် သမိုင်းဝင် မြို့ရွာအမည်များကို အတင်းအကျပ် ပြောင်းလဲပစ်ခြင်းမျိုး လုံးဝမရှိဘဲ မူလအမည်များ အတိုင်းသာ ဆက်လက်ခေါ်ဝေါ်အသုံးပြုလျက်ရှိပြီး ဒေသခံ ကိုးကန့်လူမျိုးများ အုပ်ချုပ်သည့်ဒေသအချို့တွင် အုပ်ချုပ်ရေးယန္တရား လွယ်ကူချောမွေ့စေရန် ကိုးကန့်ဘာသာစကားဖြင့် အမည်အချို့တွဲဖက်ခေါ်ဝေါ်မှုရှိခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အလားတူ ဒေသခံပြည်သူများ၏ လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခွင့်နှင့် ပတ်သက်၍ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်မှုများကို မည်သည့်ကန့်သတ်မှု၊ ခြိမ်းခြောက်မှုမျှ ပြုလုပ်ထားခြင်း မရှိကြောင်း၊ဒေသခံပြည်သူများ၏ လူ့အခွင့်အရေးနှင့် အခြေခံရပိုင်ခွင့်များကို အလေးထား စောင့်ရှောက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
SSJAC ၏ ထုတ်ပြန်ချက်မှာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေရုံသာမက၊ ဒေသခံ တိုင်းရင်းသားညီအစ်ကိုများအကြား အထင်အမြင်လွဲမှားစေရန် သွေးထိုးလှုံ့ဆော်ကာ လူမျိုးရေးပဋိပက္ခအသွင်ဆောင်လာစေရန် တမင်တကာ တွန်းပို့ဖန်တီးနေသည့် လုပ်ရပ်မျိုး ဖြစ်နေကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
လက်ရှိတွင် အထူးဒေသ (၁) အပါအဝင် ရှမ်းမြောက်ဒေသ တစ်ခုလုံး တည်ငြိမ်အေးချမ်းလျက်ရှိပြီး ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိရေးတို့ကို လက်တွေ့အကောင်အထည်ဖော်ကျင့်သုံးလျက်ရှိကြောင်း၊ နှောက်ယှက်ဖျက်ဆီးလိုသူများက ရည်ရွယ်ချက်ရှိရှိဖြင့် တိုင်းရင်းသားများအကြားတွင် လူမျိုးရေး အဓိကရုဏ်းဖြစ်စေရန် သွေးထိုးလှုံ့ဆော်လျက်ရှိကြောင်း၊Online Media များတွင်လည်း အကောင့်တု များဖြင့် တိုင်းရင်းသားများအကြား သွေးခွဲခြင်းဖြင့်
တန်းတူညီမျှသော ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်တည်ထောင်၍ မရအောင် နှောက်ယှက်ဖျက်စီးလျက်ရှိသည်ဟု MNDAA က ထုတ်ပြန်သည်။
မှားယွင်းသော စွပ်စွဲချက်များကို ဗန်းပြ၍ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် တိုင်းရင်းသားများအကြား လူမျိုးရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်သည့် မည်သည့် နိုင်ငံရေး၊လူမှုရေး လှုပ်ရှားမှုနှင့် နှောင့်ယှက်မှုမျိုးကိုမဆို ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ဥပဒေနှင့်အညီ ပြင်းပြင်းထန်ထန် တုံ့ပြန်ကာကွယ်သွားမည် ဖြစ်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။
ယင်းသို့ ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် စိုင်းဖုန်းဟန်က အချက်အလက်အမှန်သိရှိရန် မြေပြင်တွင်သာ လေ့လာဆဆန်းစစ်သင့်ကြောင်း၊ SSJAC ၏ထုတ်ပြန်ချက်မှာ အောက်ခြေဒေသခံများ၏ တိုင်ကြားသတင်းပေးမှုများကို အခြေခံပြီး ထုတ်ပြန်ထားခြင်းဖြစ်သည်ဟု The Daily Eleven သို့ ပြောကြားသည်။
" သူတို့(MNDAA) ကတော့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ဆိုပြီး Complain ပြန်တက်တာပေါ့ဗျာ။ SSJAC အနေနဲ့ အခြေအမြစ်မရှိဘဲနဲ့ စွပ်စွဲတယ်ဆိုတာက ဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတာ သူတို့တွေ သိမှာပါ။ ကျွန်တော်တို့ Statement ထုတ်တယ်ဆိုတာက ဒေသခံလူထုတွေရဲ့ အသံတွေကို အခြေခံပြီးတော့မှ တိုင်ကြားချက်တွေကို အခြေပြုပြီးတော့မှ ကျွန်တော်တို့ မဖြစ်မနေ ထုတ်ရခြင်းဖြစ်တယ်။ အဲ့ဒါကလည်း အပြုသဘောဆောင်တဲ့အနေနဲ့ ထုတ်ခြင်းဖြစ်တယ်။ ကိုးကန့် MNDAA က အခြေအမြစ်မရှိဘူးဆိုပြီး တုံ့ပြန်တဲ့အပေါ်မှာတော့ မီဒီယာပေါ်မှာပဲ ပြောနေမယ့်အစား တကယ့်လက်တွေ့လူထုရဲ့ အသံ၊ အဖြစ်မှန်ကို သိရဖို့လိုတာပေါ့လေ" ဟု စိုင်းဖုန်းဟန်က ပြောကြားသည်။
MNDAA ၏ ထုတ်ပြန်ချက်မှာလည်း မြေပြင်တွင်မူ ထုတ်ပြန်ချက်နှင့် ကွဲလွဲမှုများရှိနေသည်ဟု ဒေသခံအချို့က ပြောကြားသည်။
MNDAA အဖွဲ့သည် ၁၀၂၇ တိုက်ပွဲကာလအတွင်း နယ်မြေချဲ့ထွင် သိမ်းပိုက်မှုများပြုလုပ်ခဲ့ပြီးနောက် ယခင်က ၎င်းတို့ထိန်းချုပ်မှုအောက်တွင်မရှိခဲ့သည့် ရှမ်းလူမျိုးနှင့်အခြားတိုင်းရင်းသားများအများစုနေထိုင်သည့် မြို့၊ ရွာများကို ယခင်တပ်မတော်အစိုးရလက်ထက် အခေါ်အဝေါ်ဖြစ်သည့် အထူးဒေသ(၁)အတွင်း ထည့်သွင်းသတ်မှတ်ကာ အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုးကန့်ဒေသများဖြစ်သည့် ရှမ်းပြည် နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ကို စုစည်း၍ ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ်ပေးထားကာ လွှတ်တော်များတွင်လည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှနေ၍ မဲ ဆန္ဒနယ်အသီးသီးမှ လွှတ်တော်ကိုယ်စား လှယ်များလည်း ထွက်ပေါ်ခဲ့သည်။
ရှမ်းပြည်နယ် အထူးဒေသ(၁)သည် ယခင် တပ်မတော် အစိုးရလက်ထက်က ကိုးကန့်ဒေသကို သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါသတ်မှတ်ချက်တွင် ယခု MNDAA အဖွဲ့ကနယ်မြေချဲ့ထွင်ထိန်းချုပ်ထားသည့် မြို့၊ ရွာများ ပါဝင်ခြင်းမရှိပေ။
ထိုသို့ MNDAA အဖွဲ့က နယ်မြေချဲ့ထွင် ထိန်းချုပ်ထားသည့် ဒေသများတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုးမြို့လည်းပါဝင်ခဲ့ပြီး တရုတ်နိုင်ငံ၏ကြားဝင်စေ့စပ်မှုဖြင့် မြန်မာတပ်မတော်နှင့်MNDAA အကြားအပစ်အခတ်ရပ်စဲပြီးနောက် MNDAA အဖွဲ့သည် လားရှိုးမြို့ပေါ်မှ ပြန်လည်ဆုတ်ခွာပြီး လားရှိုးမြို့ပေါ်အုပ်ချုပ်ရေးအား အစိုးရထံလွှဲပြောင်းပေးခဲ့သော်လည်း လားရှိုးမြို့ပြင်နှင့် ကျန်သိမ်းပိုက်ထားသည့် မြို့များတွင် ဆက်လက်၍ အုပ်ချုပ်ရေးလုပ်ငန်းများ လည်ပတ်နေဆဲဖြစ်သည်။
MNDAA အဖွဲ့သည် ၁၀၂၇ တိုက်ပွဲကာလအတွင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကုန်းကြမ်း၊ တာရွှေထန်၊ ပါစင်ကျော် ဒေသများအပြင် အခြားဒေသများဖြစ်သည့်မုန်းကိုး၊ ကြူကုတ်၊ ပန်ဆိုင်းနှင့် မူဆယ်ရှိ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်တို့ကိုလည်း AA၊ TNLA တို့နှင့် ပူးပေါင်းထိန်းချုပ်ထားသည်။
MNDAA က ထိန်းချုပ်ထားသည့် ဒေသများသည် သံလွင်မြစ်အရှေ့ခြမ်းနှင့် နယ်စပ်ဧရိယာရှိဒေသများဖြစ်ပြီး ယင်းဒေသများအပြင် MNDAA အဖွဲ့သည် သံလွင်မြစ်အနောက်ခြမ်းရှိကွမ်းလုံ၊ သိန္နီ၊ နမ့်ဖက်ကာ၊ ကွတ်ခိုင်၊ ကောင်းခါး၊ တာမိုးညဲ ဒေသများအပြင် လားရှိုးမြို့အပြင် ကျေးရွာများ၊ လားရှိုးနှင့် သီပေါကြား တစ်ဝိုက်နေရာဒေသများတွင်လည်း ဆက်လက်၍ နယ်မြေချဲ့ထွင်ထိန်းချုပ်ထားဆဲဖြစ်သည်။
ယင်းသို့ အုပ်ချုပ်ရာတွင် ရှမ်းလူမျိုးများ၏ အစဉ်အဆက်မြို့ဖြစ်သည့်အပြင် သိန္ဒီစော်ဘွားများ နေထိုင်ခဲ့သည့် သိန္နီမြို့ကို MNDAA က ထိန်းချုပ်ရယူပြီးနောက် နှစ်နှစ်ခန့်အကြာတွင် မူပန်ဆိုသည့် အမည်သစ်ဖြင့် အစားထိုးအသုံးပြုလာသည်ဟု မီဒီယာအချို့တွင် ရေးသားဖော်ပြထားပြီး ဒေသခံအချို့က ပြောကြားသည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းမှ စတင်၍ သိန္နီမြို့တွင် MNDAA က အထူးဒေသ (၁) ဒေသခံ စိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများကို အရှိန်အဟုန်ဖြင့် ပြုလုပ်ပေးနေပြီး သိန္နီမြို့ပေါ် ရပ်ကွက်များတွင် တစ်ရက်လျှင် လူဦးရေ ၂၀၀ နှုန်းဖြင့် ကိုးကန့်မှတ်ပုံတင် ခေါ် ဒေသခံစိစစ်ရေးကတ်များ ထုတ်ပေးနေပြီး တစ်ဦးလျှင် ကျပ်ငွေ ၂၀,၀၀၀ မှ ၂၅,၀၀၀ အထိ ကောက်ခံနေသည်ဟုဒေသတွင်း မီဒီယာတစ်ခုဖြစ်သည့် Shan News က ယခုနှစ် ဖေဖော်ဝါရီလပိုင်းက ရေးသားဖော်ပြထားသည်။
ဘီဘီစီ(မြန်မာပိုင်း) ကလည်း ယခုနှစ် မတ်လတွင် "မူပန်ဖြစ်သွားတဲ့ သိန္နီ" အမည်ရှိ ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြခဲ့ရာတွင် MNDAA ကထိန်းချုပ်ရယူပြီးနောက်တွင် သိန္ဒီမြို့၏ အခြေအနေများကို ရေးသားဖော်ပြထားသည်။
သိန္ဒီမြို့မှာ နှစ်နှစ်အကြာတွင် တရုတ်အငွေ့အသက်များဖြင့် ဖုံးလွှမ်းလာပြီး စားသောက်ဆိုင်များ၊ ဆေးဆိုင်များ၊ ဈေးဆိုင်များ၊ အနှိပ်ခန်းနှင့် ကာရာအိုကေခန်း(KTV)ဆိုင်၊ အလှပြင်ဆိုင်များကအစ တရုတ်ဘာသာဖြင့် ရေးသားထားကြောင်း၊ နေရာတိုင်းတွင် တရုတ်လူမျိုးများကို တွေ့ရှိရပြီး သိန္နီမြို့လယ်နှင့် အချက်အချာကျတဲ့နေရာများတွင် တရုတ်စီမံကိန်းနှင့် ဆောက်လုပ်သည့်အဆောက်အအုံအသစ်များ တိုးလာကာ မြို့လယ်တွင်လည်း တရုတ်လူမျိုးများဖွင့်လှစ်သည့် စားသောက်ဆိုင်နှင့် လောင်းကစားဝိုင်းများတွင် လူတွေစည်ကားနေသည်ကို တွေ့ရသည်ဟု ဘီဘီစီမြန်မာပိုင်းက မြို့ခံများကို ကိုးကားပြီး ရေးသားထားသည်။
MNDAA ထိန်းချုပ်ထားသည့်ဒေသများတွင် ဒေသခံရှမ်းတိုင်းရင်းသားများ၏ ဘာသာစကားနှင့် ယဉ်ကျေးမှုများကို ပျောက်ကွယ်သွားစေလိုသည့် လုပ်ဆောင်ချက်များတွင် အောက်ခြေတွင်ဖြစ်ပွားမှုများရှိနေသည်ဟု ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောကြားသည်။
" ရှမ်းစာနဲ့ ရေးထားတဲ့ ရွာတွေဆိုရင် အကုန်လုံးဖျက်ပစ်တာ။ နောက်ပြီးတော့ နယ်မြေအတင်းအဓမ္မအတင်းသိမ်းယူတဲ့သဘောတွေ၊ အထက်ပိုင်းက လုပ်ချင်မှလုပ်မယ်။ ဒါအောက်ပိုင်းကတော့ သူတို့မဖြစ်မနေ လုပ်ပေးရမယ်ဆိုတဲ့ သဘောမျိုးအထိကို ဖြစ်နေတယ်။ ကိုးကန့်က သူ့နေရာမှာပဲ သူနေရမှာပဲလေ။ အမှန်အတိုင်းပြောရရင် ကိုးကန့်က သိန်းဂဏန်းလောက်ပဲရှိတာ။ မူလဌာနေတိုင်းရင်းသားတွေကို စော်ကားလို့မရဘူးလေ။ ဗမာတိုင်းရင်းသားတွေတောင် စော်ကားလို့မရဘူး။ လူမျိုးတစ်မျိုးရဲ့ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ နယ်မြေ အဲ့ဒါတွေကို စော်ကားလို့မရတဲ့အခြေအနေမှာ သူတို့က သွားထိကြတယ်။ အခုက ရှမ်းဘာသာနဲ့ ရေးထားတာကို ဖျက်လိုက်တဲ့နေရာမှာ တရုတ်စာတွေနဲ့ ရေးထားတာရှိတယ်။ နောက်ပြီး ဖွင့်လိုက်တဲ့ ဆိုင်တိုင်းလိုလိုမှာ တရုတ်စာက ပါလာတယ်။ တချို့နေရာတွေမှာဆိုရင် ကျပ်ငွေတောင် သုံးလို့မရတဲ့အထိ ဖြစ်ကုန်တယ်။ အဲ့ဒါ ဘယ်လိုနေရာမျိုးလဲဆိုတော့ သိန္နီလိုနေရာမျိုး၊ ကွတ်ခိုင်လိုနေရာမျိုးတွေဆိုရင် တချို့နေရာ အများစုမှာဆိုရင် အကုန်လုံးတော့ မဟုတ်ဘူး။နေရာအများစုမှာဆိုရင် ကျပ်ငွေကို လက်မခံတော့တဲ့ အတိုင်းအတာအထိ ဖြစ်သွားတယ်။ တရုတ်တွေ စီးပွားရေးလုပ်လို့ တရုတ်စာနဲ့ ရေးထားတာတော့ ကိစ္စသိပ်မရှိပေမယ့် ခုနကလို ရွာဆိုင်းဘုတ်တွေ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေ နောက်ဘာသာတရား အဆောက်အအုံတွေကို ဖျက်စီးတာကြတော့ လူမျိုးတစ်မျိုးကို ပျောက်ကွယ်စေချင်ရင် စာပေယဉ်ကျေးမှုကစပြီး ပျောက်ကွယ်ပျက်စီးရတာကိုး။ ဘက်မလိုက်ဘဲနဲ့ ပြောရမယ်ဆိုရင် အခုက အဲ့ဒီပုံစံမျိုးနဲ့ လုပ်နေတယ်လို့ မြင်တယ်" ဟု ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးတစ်ခု၏ ယဉ်ကျေးမှုအမွေအနှစ်ကို ဖျောက်စေလိုသည့်သဘောဖြင့် လုပ်ဆောင်နေမှုများကို ကန့်ကွက်သင့်သည်ဟု မြင်ကြောင်း နောက်ထပ်ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောကြားသည်။
" တိုင်းရင်းသားတွေရဲ့ စာပေယဉ်ကျေးမှုအမွေအနှစ်ကို ဖျက်စီးတာကို လက်ပိုက်ကြည့်နေမယ်ဆို သမိုင်းတရားခံဖြစ်သွားနိုင်တယ်" ဟု ၄င်းက သုံးသပ်ပြောကြားသည်။
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ ကိုးကန့်လူမျိုးမှာ လူဦးရေ တစ်သိန်းငါးသောင်းမှ တစ်သိန်း ခုနစ်သောင်းကြားသာရှိပြီး ကိုးကန့်ဒေသတစ်ခုလုံးတွင် အခြားလူမျိုးများကို ထည့်သွင်းတွက်ချက်မည်ဆိုပါက လူဦးရေ နှစ်သိန်းခွဲခန့်သာရှိကြောင်း သိရသည်။