Myanmar National Post

ပခုက္ကူမြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ







ပခုက္ကူ၊ စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့နယ်ဘောလုံးအဖွဲ့ချုပ်ဖလား မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့် ပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီအချိန်က   ခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ပထမဦးစွာ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲတက်ရောက်သည့် Royal United FC အသင်းနှင့် Great One FC အသင်းတို့မှ အားကစားသမားများက မျိုးဆက်သစ်ကလေးငယ်များအား လက်တွဲခေါ်ဆောင်၍ ကွင်းအတွင်းနေရာယူကြရာ လှပျိုဖြူအမျိုးသမီးများက ပန်းစည်းများပေးအပ်ခြင်း၊ တာဝန်ရှိသူများက အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေး စကားပြောကြားခြင်းများဆောင်ရွက်ကြပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကွင်းအတွင်းဘောလုံးကန်သွင်းပေးမှုဖြင့် ပြိုင်ပွဲ စတင်ယှဉ်ပြိုင်ကစားကြသည်။

ထိုသို့ ဗိုလ်ပွဲယှဉ်ပြိုင်ကစားကြရာ ပွဲချိန် မိနစ်၉၀အတွင်း ဂိုးမရှိသရေရလဒ်ထွက်ပေါ်သောကြောင့် အချိန်ပိုအထိ ဆက် လက်ယှဉ်ပြိုင်ကစားကြရာ အချိန်ပို(ဒုတိယ)ပိုင်းတွင် Great One FC အသင်းက သွင်းဂိုးတစ်ဂိုးရရှိပြီး အနိုင်ရဗိုလ်စွဲခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်အေးနှင့်အဖွဲ့ဝင်များ၊အလှူရှင်များက တံခွန်စိုက်(ပထမ)ဆု၊ ဒုတိယဆုနှင့်တတိယဆုများ၊ ပွဲစဉ်တစ်လျှောက် အကောင်း ဆုံးအားကစားသမားဆု၊ နေရာအလိုက်အကောင်းဆုံးအားကစားသမားဆုများ၊ တစ်ပွဲတည်း သုံးဂိုးနှင့်အထက်သွင်းယူသောအား ကစားသများ၊ တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)

#Myanmar #News

မူရင်းသတင်း — Myanmar National Post