
မုဒုံမြို့နယ် တာပသွန်ကျေးရွာအနီး မော်လမြိုင် - မုဒုံကားလမ်းတွင် မော်တော်ယာဉ်များ ဓါးပြတိုက်ခံရခြင်းမရှိဘဲ ယာဉ်မောင်းတစ်ဦးမှ လိမ်လည်ပြောဆိုခဲ့ခြင်းသာဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၁) ရက်နေ့ နံနက် (၁၁) နာရီအချိန်ခန့်က မုဒုံမြို့နယ် တာပသွန်ကျေးရွာအနီး မော်လမြိုင် - မုဒုံကားလမ်းတွင် မော်လမြိုင်မြို့ဘက်မှ မုဒုံမြို့ဘက်သို့ မောင်းနှင်လသည့် Light Truck ယာဉ်တစ်စီးနှင့် အိမ်စီးကားနှစ်စီးတို့အား လက်နက်ကိုင်တချို့မှ ဓါးပြတိုက်ခဲ့ကြောင်းနှင့် ငွေကျပ် သိန်း (၉၀) နှင့် လက်ကိုင်ဖုန်းများပါသွားကြောင်း သတင်းများထွက်ပေါ်ပြန့်နှံ့ခဲ့သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များမှ စုံစမ်းမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်များအား ဓါးပြတိုက်မှုဖြစ်ပွားခဲ့ခြင်းမရှိကြောင်းနှင့် Light Truck ယာဉ်မောင်းဖြစ်သူမှ လိမ်လည်ပြောဆိုခဲ့ခြင်းသာဖြစ်သည်ဟု သိရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “Light Truck ယာဉ်မောင်းဖြစ်သူက မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ဂုံညှင်းတန်းရပ်ကွက်၊ ဝင်းကမော့ရပ်မှာနေထိုင်တဲ့ ဦးစည်သူ ဆိုသူပါ။ ကမာဝက်မြို့ကနေ မော်လမြိုင်မြို့ကို ငါးရောင်းတဲ့သူတွေကို နေ့စဉ် ပို့ဆောင်ပေးနေတဲ့ ဈေးကားမောင်းနှင်သူပါ။ စက်တင်ဘာလ (၁၁) ရက်နေ့မှာ ပါဆယ်ပို့ခိုင်းတဲ့ ပိုက်ဆံနဲ့ လက်ကိုင်ဖုန်းပျောက်သွားတော့ Light Truck ယာဉ်ပေါ်စီးနင်းလိုက်ပါလာကြတဲ့ ဈေးသည်တွေဖြစ်ကြတဲ့ ကမာဝက်မြို့က မသူဇာအောင်၊ မသူဇာနိုင်၊ မမိုးဖြူ၊ မစိုးစိုး၊ မမိုးနှင်း နဲ့ ဒေါ်ပန်းလှိုင်တို့ကို မော်လမြိုင်မြို့ကနေ ကမာဝက်မြို့ကို ပြန်ကြိုလာပြီးတော့ မုဒုံမြို့၊ ကန်ကလေးအနီးမှာရှိတဲ့ ကွတ်တီယိုဆိုင်မှာ ဦးစည်သူက ကွတ်တီယိုကျွေးမွေးပြီးတော့ ဈေးသည်တွေကို အကူအညီတောင်းစရာရှိတယ်လို့ ပြောတယ်” ဟု ပြောကြားသည်။
ထို့နောက် Light Truck ယာဉ်အား ကမာဝက်မြို့ဘက်သို့ ဆက်လက်မောင်းနှင်လာပြီး၊ တံခွန်တိုင်ကျေးရွာနှင့် နိုင်လုံကျေးရွာကြား မုဒုံ - ကမာဝက်ကားလမ်းပေါ်ရှိ ဂျိုကာတံတားအရောက်တွင် Light Truck ယာဉ်အား ရပ်တန့်၍ ဦးစည်သူမှ ယာဉ်ခေါင်းခန်းမှဆင်းလာကာ ၎င်းထံပါဆယ်ပို့ပေးရန် အပ်နှံထားသည့် ငွေကျပ် (၆၅) သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံး ပျောက်ဆုံးသွားကြောင်း၊ ထိုအကြောင်းအား ဇနီးသည်ဖြစ်သူသိရှိပါက အပြစ်တင်ပြောဆိုခံရမည်ကို စိုးရိမ်သဖြင့် ၎င်း၏ Light Truck ယာဉ်နှင့် အိမ်စီးကားနှစ်စီးအား ကားလမ်းတွင် အမည်မသိ လက်နက်ကိုင်ဆောင်ထားသူများမှ တား၍ လုယက်ခံရပြီး ယာဉ်ပေါ်ပါလာသည့် လက်ကိုင်ဖုန်းများနှင့် ဈေးရောင်းရသော ငါးဖိုးငွေများလုယက်ခံခဲ့ရကြောင်းကို လိမ်လည်ကာ ရပ်ကွက်အတွင်း လိုက်လံပြာဆိုပေးရန် စည်းရုံးပြောဆိုခဲ့ကြောင်းနှင့် ယာဉ်ပေါ်လိုက်ပါလာကြသည့် ဈေးသည်များမှလည်း ဦးစည်သူ မောင်းနှင်လာသည့် Light Truck ယာဉ်မှာ မုဒုံမြို့နယ် သာယာကုန်းကျေးရွာနှင့် တာပသွန်ကျေးရွာကြားတွင် အမည်မသိလက်နက်ကိုင်တစ်စုမှ ကားအားတား၍ လုယက်ကြသဖြင့် ဖုန်းများနှင့် ငွေကျပ်သိန်း (၉၀) ခန့် လုယက်ခံလိုက်ရကြောင်းကို လိမ်လည်က လိုက်လံပြောဆိုခဲ့ကြခြင်းသာဖြစ်ကြောင်း ၎င်းကဆိုသည်။
ထိုသို့ လိမ်လည်ပြောဆိုခိုင်သူ Light Truck ယာဉ်မောင်း ဦးစည်သူ အား သက်ဆိုင်ရာက စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။