
မြန်မာ့လက်ရွေးစင် ဘောလုံးသမား ငွေခေတ်ကစားသမားဟောင်း ဝင်းအောင် (ဦး) သည် (စက်တင်ဘာ ၁၃) ရက်၊ ညနေ (၄နာရီ မိနစ် ၃၀) နာရီတွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အာယုဆေးရုံတွင် ကွယ်လွန်သွားကြောင်း သိရပါသည်။
ဝင်းအောင် (ဦး) မှာ ကွယ်လွန်ချိန်တွင် အသက် (၆၀) နှစ် ရှိပြီဖြစ်ကြောင်း သိရပြီး ဝင်းအောင် (ဦး) ဟာ အဆုတ်ထဲရေဝင်သည့် ရောဂါဝေဒနာဖြင့် စက်တင်ဘာလဆန်းကတည်းက အာယုဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေရသူဖြစ်ကြောင်း သိရသည်။
ဝင်းအောင် (ဦး)သည် ၁၉၈၉ ခုနှစ်တွင် မြန်မာ့လက်ရွေးစင်ကစားသမားအဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီးနောက် မြန်မာ့လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲပေါင်းများစွာ ကစားပေးခဲ့သူဖြစ်ကြောင်း သိရပါသည်။
ဝင်းအောင် (ဦး) ဟာ ၁၉၉၃ ခုနှစ်၊ (၁၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံခဲ့ရပြီး မြန်မာအသင်းနဲ့အတူ ငွေတံဆိပ်ဆု ရယူပေးခဲ့သူဖြစ်ပြီး ဝင်းအောင် (ဦး)သည် မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ ဂျပန်နိုင်ငံ၊ ဟီရိုရှိးမားမြို့တွင် ကျင်းပခဲ့သည့် ၁၉၉၄ အာရှအားကစားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းတွင်လည်း ပါဝင်ကစားခဲ့ပြီး ကာတာအသင်းနဲ့ (၂-၂) ဂိုးစီ သရေကျခဲ့သည့်ပွဲမှာ ခေါင်းတိုက်ဂိုးသွင်းယူပေးခဲ့သူဖြစ်သည်။
ဝင်းအောင် (ဦး) သည် မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ တိုက်ဂါးဖလားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲနဲ့ နိုင်ငံတကာပြိုင်ပွဲပေါင်းများစွာကို ယှဉ်ပြိုင်ကစားပေးခဲ့သူဖြစ်ပြီး ဝင်းအောင် (ဦး) ဟာ ပြည်တွင်းကလပ်အသင်းများဖြစ်သည့် ဆောက်လုပ်ရေး၊ ဘဏ္ဏာအခွန်အသင်းများတွင် ကစားခဲ့ဖူးသလို ပြည်ပကလပ်အသင်းများတဲ့ စင်ကာပူ၊ ထိုင်းကလပ်အသင်းများတွင်လည်း သွားရောက်ကစားခဲ့ဖူးသူဖြစ်ကြောင်း သိရပါသည်။
ဝင်းအောင် (ဦး)သည် အထောင်တိုက်စစ်မှူးနေရာတွင်သာ စွဲမြဲစွာကစားခဲ့သူဖြစ်သလို သူ့ ခေါင်းတိုက်ဂိုးသွင်းစွမ်းရည်ထူးချွန်မှုကြောင့် မြန်မာဘောလုံးပရိသတ်များရဲ့ အချစ်တော်တစ်ဦးဖြစ်ကြောင်းလည်း သိရပါသည်။