
ဝပ်ဖူထိုင်းဆဝန် ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီး အရှုပ်တော်ပုံကြောင့် အယုဒ္ဓယခရီးသွား လုပ်ငန်းတွင် ထိခိုက်မှုရှိလိမ့်မည်မဟုတ်ကြောင်း ထိုင်းခရီးသွားနှင့် အားကစားဝန်ကြီး ဆူရဆက် ဖန်ချာရန်ဝေါရကူက ပြောကြားလိုက်သည်။
အသက် ၆၆ နှစ်အရွယ် ကျောင်းထိုင်ဘုန်းကြီးက ကျောင်းပိုင်ရန်ပုံငွေ ဘတ် ၉၂ သန်းကျော်ကို အလွဲသုံး စားပြုကာ မိမိနှင့် မဖွယ်မရာပတ်သက်မှုရှိသည့် အမျိုးသမီးထံ လွှဲပြောင်းပေးခဲ့သည့် စွပ်စွဲချက်များဖြင့် စက်တင်ဘာ ၁၀ ရက်တွင် ဖမ်းဆီးခံရပြီး နောက်တစ်နေ့တွင် ဝန်ကြီးက အစိုးရအိမ်တော်တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးက ဝပ်ဖူထိုင်းဆဝန်သည် အယုဒ္ဓယရှိ ဗုဒ္ဓဘာသာဝင်များအတွက် ဘာသာရေးအရ အရေးပါသည့် ဘုန်းကြီးကျောင်းတစ်ကျောင်းဖြစ်ကြောင်း၊ ယခင်ကျောင်းထိုင်ဆရာတော်များသည်လည်း အယုဒ္ဓယ ဒေသခံများက အလွန်ကြည်ညိုခဲ့ရသူများဖြစ်ကြောင်း ၊ ကျောင်းဝင်းအတွင်းရှိ ရှေးဟောင်းအယုဒ္ဓယ ဘုရင်များနှင့် သက်ဆိုင်သည့် အထိမ်းအမှတ်အဆောက်အအုံများ၊ လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်နှင့် ကျောက်ဖရားမြစ်ကမ်းတစ်လျှောက်ရှိ ဗိသုကာလက်ရာများကြောင့်လည်း သမိုင်းဝင်နေရာတစ်ခုအဖြစ် ထင်ရှားပြီးသားဖြစ်ကြောင်း ထောက်ပြခဲ့သည်။
တစ်ဦးတစ်ယောက်၏ အပြစ်ကို ဗုဒ္ဓဘာသာနှင့် ရောထွေးမမြင်သင့်ဘဲ ယင်းသို့သော လုပ်ရပ်များကို ဗုဒ္ဓဘာသာက သင်ကြားပေးထားခြင်းမရှိကြောင်း၊ ခရီးသွားများ ဒေသခံများအနေဖြင့် ဘုန်းကြီးကျောင်းအပေါ် ယုံကြည်မှု ဆက်လက်ရှိနေမည်ဟု ယုံကြည်ကြောင်းလည်း ဝန်ကြီးက မှတ်ချက်ပေးကာ ကျောင်းထိုင်များနှင့် ပတ်သက်သည့် အရှုပ်တော်ပုံများသည် ထိုင်းတွင် ယခုမှ ပထမဆုံးအကြိမ်မဟုတ်ဘဲ ယခင်ကလည်း အကြိမ်ကြိမ် ပေါ်ပေါက်ခဲ့ဖူးသဖြင့် အယုဒ္ဓယခရီးသွားလုပ်ငန်း ထိခိုက်လာမည်ကို စိုးရိမ်စရာမရှိကြောင်း ၊ ဝပ်ဖူထိုင်းဆဝန်သို့ လာရောက်သူ ဧည့်သည်အများစုသည် ကျောင်းထိုင်ဘုန်းကြီးကြောင့် လာကြခြင်းမဟုတ်ဘဲ အချို့က အဆောင်လက်ဖွဲ့များနှင့် အထွတ်အမြတ်ပစ္စည်းများအပေါ် ယုံကြည်မှုကြောင့် လာရောက်ကြခြင်းဖြစ်ကြောင်း ၊ အများစုက လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ရန်နှင့် ဘုန်းကြီးကျောင်းကို လေ့လာလို၍ ဖြစ်ကြောင်း၊ ထို့ကြောင့် အယုဒ္ဓယမြို့သို့ ခရီးသွားများ အလာမပျက်ဘဲ ပုံမှန်လာရောက်လည်ပတ်ကြမည်ဟု ယုံကြည်ကြောင်း ခရီးသွားဝန်ကြီးက ပြောသည်။
Ref: Thaiger,Photo: Thaiger / Nation Thailand